ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မကြာမီ မုတ်သုံမိုးစရွာတော့မယ်

Published on May 08, 2024

တနင်္သာရီတိုင်း တောင်ပိုင်းအစွန်မှ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့ ပါဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မကြာမီ မုတ်သုံမိုး စတင်ရွာသွန်းနိုင်တော့မှာ ဖြစ်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။

 

မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်အစွန်ကနေ မြောက်ဘက်အထိ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ ဘီးလင်း စတဲ့မြို့တွေရဲ့ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေ အနေနဲ့ တနင်္သာရီတိုင်းထဲက မြို့တွေမှာ မေလ ၇ ရက်ကစတင်ပြီး မေလ ၂၀ ရက်အထိ နေ့စဉ် မိုးပုံမှန်ရွာနိုင်မယ့် အခြေအနေ ဖြစ်ပေါ်လာတယ်လို့ သူတို့က ဆိုပါတယ်။

 

မိုးရွာရန် ရာခိုင်နှုန်းတွေကတော့ တနင်္သာရီတိုင်းမှာ အနည်းဆုံး ၆၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ၊ မွန်ပြည်နယ်ထဲက မြို့တွေမှာဆိုရင်တော့ မေလ ၁၅ ရက်နောက်ပိုင်းမှပဲ မိုးမှန်လာနိုင်ပြီး ကမ်းရိုးတန်းအနီးက မြို့တွေမှာ အနိမ့်ဆုံး ၅၅ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

 

စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ ကချင်၊ ရှမ်း(မြောက်ပိုင်း)၊ ချင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်သလို ရွာရန်ရာနှုန်း ၈၀ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီနောက် စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်းနဲ့ ချင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မေလ ၉ ရက်နံနက်အထိ စစ်ကောင်စီမိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

 

ယခုနှစ်မုတ်သုံလေဦး ဝင်ရောက်မှုမှာ အရင်နှစ်များနဲ့မတူဘဲ ကွဲပြားတဲ့လက္ခဏာတွေ ပြသလျက်နေသလို ပုံမှန်မဟုတ်တဲ့ မုတ်သုံလေ၊ မုတ်သုံမိုး၊ မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

မြန်မာနိုင်ငံတောင်ပိုင်းသို့ ဒီနှစ် မေလ(၂၅)ရက်ဝန်းကျင်မှာ မုတ်သုံလေ ဝင်ရောက်လာနိုင်တယ်လို့ NUG ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။