မန်းက ရဲဝန်ထမ်းဝတ်စုံဖြင့် လင်းလက်ဝါရွှေပန်းတိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့သည့်အဖွဲ့ ဖမ်းမိပြီဟုဆို

Author ကိုထားဝယ်
Categories
Published on Apr 09, 2024

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်ကို ဓားပြဝင်တိုက်ခဲ့သော သေနတ်ကိုင် ရဲဝန်ထမ်းဝတ်စုံဝတ်သူအပါအဝင် အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲကြေးနန်းထုတ်ပြန်ချက်အရ သိရသည်။

 

မတ်လ ၂၈ ရက် ညနေပိုင်းက အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်သို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ဝတ်စုံဝတ်သူကိုရှေ့တန်းတင်၍ လက်နက်ကိုင်ထားသူ အရပ်ဝတ်သူများသည် အိမ်ကိုစစ်ဆေးရန်ဟု အကြောင်းပြပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဓားပြတိုက်မှုတွင် ရွှေဆိုင်ဝန်ထမ်းက လက်ထောက်ချခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၇ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်နေ ကိုမြတ်သူအောင်(၂၄)နှစ်ကို ၎င်း၏နေအိမ်တွင် ပထမဆုံးဖမ်းမိခဲ့သည်။

 

၎င်းမှတစ်ဆင့် ကိုစိုးမိုးဦး၊ ကိုညီထူးအောင်(ခ)ညီညီ၊ ကိုမျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ ကိုမင်းမင်းစိုး (ခ)တုတ်ကြီး၊ ဦးကိုကိုနိုင်(ခ)ကိုနိုင်နှင့် ကိုထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့ကို ဖမ်းဆီးရမိခဲ့သည်။

 

၎င်းတို့သည် လင်းလက်ဝါရွှေပန်းတိမ်ဆိုင်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအတွင်းမှ ကာလတန်ဖိုး ကျပ်သိန်းတစ်သောင်းကျော်ဖိုးခန့်ရှိ ရွှေထည် အလေးချိန် နှစ်ပိဿာခွဲခန့်ယူဆောင်သွားကြသည်။ ထို့ကြောင့် အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ခဲ့သည်။

 

ထိုဓားပြတိုက်မှုကို ကိုကိုနိုင်(ခ)ကိုနိုင်(၄၂)နှစ်သတင်းပေးခဲ့ပြီး ပန်းတိမ်ဆရာ ကိုထက်လှိုင်(ခ)လှိုင်ကြီးက လက်ထောက်ချ၍ ကျန်သူများနှင့်ပူးပေါင်းကာ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်များနှင့် သတင်းဌာနများတွင် ဖော်ပြထားသည်။

 

၎င်းတို့ထံမှ သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ အသုံးပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းတို့က ဖော်ပြသည်။ ၎င်းတို့ကို တရားဥပဒေအရ အရေးယူနိုင်ရေးလုပ်ဆောင်နေသည်ဟု ဆိုသည်။

 

သို့သော် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့၊ လမ်း ၃၀၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြား မင်္ဂလာဈေးဟောင်းမြောက်ဘက် အောင်ရွှေဆိုင်ကို Mark2 အဖြူ (2E/6723)ကားဖြင့် လက်နက်ကိုင်ထားသော လူများက သေနတ်ပစ်ဖောက် လုပ်ယက်ခဲ့မှု၊ ယခုနှစ် ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့ ဈေးတောင်ပေါက် ၃၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ဖွင့်လှစ်ထားသော ဆယ်သန်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့်လာသည့် ပစ္စတိုသေနတ်ကိုင်သုံးဦးဓားပြတိုက်မှုတို့က တရားခံများ ဖမ်းမိခြင်းမရှိသေးပေ။

 

ထို့ပြင် မတ်လ ၂၅ ရက်က ကျပ်သိန်း နှစ်ထောင်ကျော်ပါသွားသည့် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း၊ ၃၁ နှင့် ၃၂ လမ်းကြားရှိ KBZ ဘဏ်ခွဲကို လူသုံးဦး ဓားပြတိုက်က တရားခံများကိုလည်း ဖမ်းမိခြင်းမရှိသေးပေ။

 

ဓာတ်ပုံ – လူမှုကွန်ရက်