“ဏဘယံ”သွေးကူညီမှုအသင်း ဥက္ကဌ ရက်စက်စွာ သတ်ဖြတ်ခံရ

Author လဂွန်းအိမ်၊ မင်းထက်
Categories
Published on Apr 09, 2024

မကွေးတိုင်း မကွေးမြို့တွင်  “ဏဘယံ” သွေးကူညီမှုအသင်း ဥက္ကဌကို သွေးလိုအပ်သည်ဟု လိမ်လည် အကူညီတောင်းခံကာ လမ်းခုလပ်တွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ပြီးနောက် ဆိုင်ကယ်လုယက်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဧပြီ ၇ရက်နေ့ ည ၉နာရီခန့်တွင် အမည်မသိ အမျိုးသားနှစ်ဦးမှာ အိုးဝေတစ်စီးဖြင့်  “ဏဘယံ” သွေးကူညီမှုအသင်း ဥက္ကဌဖြစ်သူ ဦးရန်အောင်၏ နေအိမ်သို့ ရောက်ရှိလာပြီး သွေးလိုအပ်နေသည်ဟု လိမ်လည် ခေါ်ဆောင်ကာ မကွေးမြို့ သင်ကြားရေးဆေးရုံလမ်း အရှေ့ဘက်ခြမ်း ယာတောအတွင်းသို့ ခေါ်ဆောင်ပြီးနောက် ဓားဖြင့် အချက်ပေါင်း ၁၇၀ကျော် ထိုးသတ်ကာ ဆိုင်ကယ်၊ဖုန်းနှင့် လက်ဝတ်လက်စားများကို လုယက်သွားခဲ့ကြောင်း သိရသည်။

 

” သူအိမ်ကထွက်တာ ည ၉ နာရီ၀န်းကျင် ထွက်ပြီး မနက် ၆ နာရီမှာ သေဆုံးအလောင်းတွေ့ တယ်။ အခင်းဖြစ်ပွားရာမှာ ဒဏ်ရာဒဏ်ချက်ကြည့်တော့ ဓားအချက်ပေါင်း ၆၀ ကျော်လို့ ကျွန်တော်တို့ ခန့်မှန်းရတာပေါ့၊ သေဆုံးနေရာကနေ မကွေးပြည်သူ့ဆေးရုံက ဆေးစစ်ချက်ယူလိုက်တော့ ဓားအချက်ပေါင်း ၁၇၀ ဖြစ်‌နေတယ်ဗျ”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့( မကွေး) ဥက္ကဌ ကိုပိုင်က CJ Platform သို့ပြောသည်။

ဦးရန်အောင်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူများမှာ လုယူသွားသည့် ဆိုင်ကယ်ကို ရောင်းချပြီးနောက် ဧပြီ ၈ရက်နေ့  ထွက်ပြေးရန် လုပ်ဆောင်နေစဉ် နတ်မောက်မြို့နှင့် မြို့သစ်ကြားတွင် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

 

“တောင်တွင်းမှာ ရောင်းခဲ့ပြီးတော့ ဆိုင်ကယ်၀ယ်ထားတဲ့ သူက လိုင်းပေါ်တင်ရောင်းတယ် အဲ့အခါမှာ ချိတ်ဆက်မိပြီး တရားခံ နှစ်ဦး ဖမ်းမိတယ်။ တာ၀န်ရှိတဲ့သူက ဆိုင်ကယ်နံပါတ် ၊ အရောင်တွေ သိထားတော့ လိုင်းပေါ်တင်တဲ့ချိန် သိရပြီးလိုက်တာ၊ ဆိုင်ကယ်ကို ရသလောက်နဲ့ရောင်းပြီး လစ်မယ့်အစီအစဉ်ပဲဗျ”  ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့( မကွေး) ဥက္ကဌ ကိုပိုင်မှ ပြောသည်။

 

ဖမ်းဆီးခံရမိသူများအနက် တစ်ဦးမှာ မောင်ရှိုင်းဟုသာ သိရှိရသေးပြီး မည်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့သည်ကိုမူ ရဲတပ်ဖွဲ့အနေဖြင့် ထုတ်ပြန်လာခြင်း မရှိသေးပေ။

 

ဦးရန်အောင် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ပရဟိတလုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ ဝမ်းနည်းကြောင်းများ ထုတ်ပြန်ခဲ့ကြပြီး ဦးရန်အောင်၏ ရုပ်အလောင်းကို ဧပြီ ၈ရက်နေ့ နေ့လယ် ၁နာရီခန့်တွင် မကွေးမြို့ ချမ်းမြေ့သာယာသုဿန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

 

မကွေးမြို့တွင် လူသတ်လုယက်မှုများ မကြာခဏဖြစ်ပွားနေပြီး ဇန်နဝရီ ၈ရက်နေ့ကလည်း တက္ကသိုလ်ကျောင်းဝန်းအတွင်း အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ခေမာလူမှုကယ်ဆယ်ရေးအသင်း မကွေး