တော်ဝင်ဥပဒေပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တဲ့စွဲချက်နဲ့ Move Forward ပါတီက အမတ် ၄၄ ဦးကို အပြစ်ရှိကြောင်း NACC ဆုံးဖြတ်
ထိုင်းနိုင်ငံ၊ တော်ဝင်ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတဲ့ Move Forward ပါတီက အမတ်ဟောင်းတွေအပါအဝင် ၄၄ ဦးကို အပြစ်ရှိကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ထုတ်ပြန်လာတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့မှုဟာ ပြင်းထန်တဲ့ ကျင့်ဝတ်စံနှုန်းဆိုင်ရာ ချိုးဖောက်မှုဖြစ်တယ်လို့ NACC က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ထိုင်းဗဟိုတရားရုံးထံ ဆက်လက်တင်ပြသွားမယ်လို့ ဆိုပါတယ်။
NACC က အပြစ်ရှိကြောင်း ထုတ်ပြန်ခဲ့တဲ့ ၄၄ ဦးထဲမှာ လက်ရှိ ပြည်သူ့ပါတီ (People’s Party) ကို ဦးဆောင်နေတဲ့ နာတာဖွန် ရူအန်ပန်ညာဝတ် (Natthaphong Ruengpanyawut)၊ ဒုတိယပါတီခေါင်းဆောင် ဆရီကန်ယာ တန်ဆာကူ (Sirikanya Tansakun) တို့လည်း ပါဝင်နေသလို မနေ့က ဖေဖော်ဝါရီ ၈ ရက်က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်နေပါတယ်။
NACC ရဲ့ တင်သွင်းမှုကို ဗဟိုတရားရုံးက လက်ခံစစ်ဆေးခဲ့ရင် ဒီအထဲမှာပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ကနေ ချက်ချင်းရပ်နားခံရမှာဖြစ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် နိုင်ငံရေးရာထူးတွေမှာ တစ်သက်တာ ပါဝင်ခွင့်ရမှာ မဟုတ်သလို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ပါဝင်ယှဉ်ပြိုင်ခွင့်တွေကိုလည်း တစ်သက်တာ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးခွင့်ကိုလည်း ၁၀ နှစ်အထိ ပိတ်ပင်ခံရမှာလည်း ဖြစ်ပါတယ်။
ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးနိုင်ဖို့အတွက် Move Forward (ယခု People’s Party) ပါတီက ခေါင်းဆောင် ပီထာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဥပဒေကြမ်း တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒါဟာ ထိုင်းဘုရင်စနစ်ကို ဖြိုချဖို့အတွက် ကြိုးပမ်းအားထုတ်မှု ဖြစ်တယ်လို့ဆိုကာ အခြေခံဥပဒေတရားရုံးက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ Move Forward ပါတီရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းမှာ ပါတီကို ဖျက်သိမ်းစေခဲ့ကာ ပါတီအလုပ်အမှုဆောင် ၁၁ ဦးကိုလည်း နိုင်ငံရေးကနေ ပါဝင်ပတ်သက်ခွင့် ၁၀ နှစ် ပိတ်ပင်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – Thai Enquirer ၊ People’s Party
