မိုးညိုမြို့နယ်မှာ ဆေးရွက်ကြီးတွေ စတင်ခူးဆွတ်နေပြီး ပိဿာ ၁၀၀ ကို ကျပ် ၁၂ သိန်း ဈေးပေါက်
ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်အတွင်းမှာ စိုက်ပျိုးထားတဲ့ ဆေးရွက်ကြီးတွေ စတင်ခူးဆွတ်နေရာ ပိဿာ ၁၀၀ ကို ကျပ် ၁၂ သိန်း ဈေးပေါက်နေတယ်လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။
မိုးညိုမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက မြစ်ရေဝင်နုန်းတင်မြေတွေဖြစ်တဲ့ စိန်တိုင်ကျွန်း၊ လက်ပံခုံ၊ ဖလံပင်၊ ဖန်ခါးပင်နဲ့ ဆင်မနိုင် စတဲ့ကျေးရွာအုပ်စုတွေမှာ နှစ်စဉ် အောက်တိုဘာလခန့်က စတင်စိုက်ပျိုးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုနှစ် ပိဿာ ၁၀၀ ကို ၁၂ သိန်းနဲ့ အစောပိုင်းခူးတဲ့သူတွေ ရောင်းနေကြရပြီ။ အရင်နှစ်ကဆို အစောပိုင်းက ၁၀ သိန်းလောက်ပဲ ရတာ။ အစောပိုင်းသမားတွေက တန်ဆောင်မုန်း (အောက်တိုဘာလကုန်ပိုင်း) လက စိုက်ထားတာ” လို့ ဆေးရွက်ကြီး ၃ ဧက စိုက်ပျိုးထားတဲ့ ဖန်ခါးပင်အုပ်စုက တောင်သူတစ်ဦးက ပြောပါတယ်။
အဲဒီဒေသမှာ ဆေးရွက်ကြီးကို ပျိုးထောင်စိုက်ပျိုးကြပြီး တစ်ပင်နဲ့တစ်ပင် ၂ ပေပတ်လည်အကွာဖြင့် တစ်ဧကလျှင် အပင်ရေ ၈,၅၀၀ မှ ၉,၀၀၀ အတွင်း စိုက်ပျိုးရပြီး စိုက်သွင်းအားစုအနေနဲ့ တစ်ဧကကို ကျပ်သိန်း ၂၀ ခန့် ကုန်ကျကာ ပျမ်းမျှ တစ်ဧကထွက်နှုန်းမှာလည်း ပိဿာ ၅၀၀ မှ ၆၀၀ အတွင်း ထွက်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါဒေသတွင် ဆေးရွက်ကြီးစိုက်ဧက ၃၀,၀၀၀ ခန့်ရှိပြီး စိုက်ပျိုးချိန် နောက်ကျသည့် စိုက်ခင်းများကို မြေအစိုဓာတ် ရရှိစေဖို့နဲ့ ထွက်နှုန်းကောင်းရန်အတွက် ရေသွင်းပေးရတယ်လို့ အသက် ၆၀ နှစ်အရွယ်ဝန်းကျင် ကိုယ်တိုင် ဆေးရွက်ကြီးစိုက်ပျိုးနေသူ ထုံးကြီးကုန်းရွာသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဆေးရွက်ကြီးများ ခူးဆွတ်ချိန် မတ်လဝန်းကျင်က အဆိုပါဒေသတွင် မိုးအနည်းငယ် ရွာသွန်းတဲ့အတွက် ခူးဆွတ်ပြီး ဆေးရွက်ကြီးများ နေလှန်းရန်ခက်ခဲခြင်း၊ ခြောက်သွေ့မှုနည်းပါးခြင်းတို့ကြောင့် ဆေးရွက်ကြီးများကို မှိုကျရောက်မည်ဆိုကာ ဝယ်ယူသူတွေက ဈေးချဝယ်ယူတဲ့အတွက် ပိဿာ ၁၀၀ ကို ကျပ် ၇ သိန်းခွဲနဲ့ ရောင်းချရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဖန်ခါးပင်အုပ်စုအတွင်းက ဆေးရွက်ကြီးစိုက်ခင်းတချို့။
