ဗန်းမောက်မြို့ကို စစ်အုပ်စုနဲ့ SNA က ၄ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ရ

Author CJ Platform
Categories
Published on Feb 09, 2026

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ကို စစ်အုပ်စုနဲ့ ရှမ်းနီအမျိုးသားတပ်တော် (SNA) တို့က မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ SNA တပ်မဟာ ၆၁၄ နဲ့ စစ်အုပ်စုတို့က ထုတ်ပြန်လာပါတယ်။

 

စစ်အုပ်စုဝါဒဖြန့် သတင်းစာတွေမှာတော့ ဗန်းမောက်မြို့နယ်ကို ၄ လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၆၉ ကြိမ် ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

 

“သူတို့ (စစ်အုပ်စု) ဗန်းမောက်ကို ရာနှုန်းပြည့်လောက် သိမ်းနိုင်ထားတာ ၈ ရက်နေ့မတိုင်ခင် ၅ ရက်နေ့ကတည်းကလို့ သိရတယ်။ ဗန်းမောက်ကို ထိုးစစ်ဆင်တာမှာ မုံရွာ ခမရ ၁၆ ကနေ ဟုမ္မလင်းက စစ်ကြောင်း ၂ နဲ့ ရှမ်းနီတပ်တွေက ထိုးစစ်ဆင်ကြတာ” လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ဗန်းမောက်မြို့ စစ်ရေးနဲ့ပတ်သက်ပြီး CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၀ ရက်က ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေနဲ့အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က သိမ်းယူနိုင်ခဲ့တာဖြစ်ပေမယ့် ၄ လကျော်အကြာမှာ ပြန်လည်လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ဗန်းမောက်မြို့ဟာ တော်လှန်ရေးတပ်တွေ အားကောင်းတဲ့နယ်မြေတွေဖြစ်တဲ့ အင်းတော်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့တို့နဲ့ တစ်ဆက်တည်းရှိနေတာဖြစ်ပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေ အများဆုံးရှိရာဒေသဖြစ်သလို SNA တပ်ဖွဲ့အတွက် အဓိကဘဏ္ဍာရေး အရင်းအမြစ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်လက်လွှတ်ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – SNA