အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ၁၉၉၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဝင်ပြိုင်ပြီးနောက် ပထမဆုံးပြန်လည်ဝင်ပြိုင်ခဲ့သည့် ၂၀၁၅ ခုနှစ် မဲဆွယ်ကာလအတွင်းက အနှေးယာဉ်(ဆိုက်ကား)ဆရာတို့၏ မဲဆွယ်ပုံကို ပြည်သူတို့အားလုံး တသသရှိနေပေဦးမည်။ NLD အလံတလူလူလွှင့်ထူ၍ ရာနှင့်ချီသည့် ဆိုက်ကားတန်းများဖြင့် မြို့နယ်အလိုက် လမ်းမပေါ်ထွက်၍ ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြဖူးသည်။ ထိုအချိန်များက အနှေးယာဉ်လုပ်သားတို့ဘဝ ချောင်ချောင်လည်လည်။

ယခုတော့ ကျောမွဲတို့ဘဝ ဆိုက်ကားအောက်က ခြေနင်းပြားကဲ့သို့ နင်းလေပြားလေဖြစ်ပြီး ကျပ်ကျပ်တည်းတည်း။ ကုန်ဈေးနှုန်းနောက် မလိုက်နိုင်သည့် ဝင်ငွေကြောင့် ယိုင်နဲ့နေသည့်ဘဝကို မတည့်မတ်နိုင်ကြပေ။

” အရင်ကဆို(NLD အစိုးရခေတ်ကိုရည်ညွှန်း)အဲဒီတုန်းက ကုန်ဈေးနှုန်းနဲ့က အဆင်ပြေတယ်။ အခုကတော့ တစ်နေကုန်မနက် ၅ နာရီလောက်တည်းကဆွဲရင်တောင် တစ်သောင်းပြည့်အောင်မရဘူး” ဟု ဖွင့်ဟလာသူမှာ ရန်ကုန်မြို့၊ ဘိုကလေးဈေးအနီးပြေးဆွဲနေသည့် အနှေးယာဉ်လုပ်သားကြီးတစ်ဦးဖြစ်သည်။

၎င်းသည် YBS ဖြင့် တစ်နာရီကျော်မကစီးရသည်အထိ ဝေးကွာသည့် ဆင်ခြေဖုံး  လှိုင်သာယာမြို့နယ်က လာရောက်ပြေးဆွဲနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လှိုင်သာယာကဲ့သို့မြို့နယ်များတွင် လူအားစိုက်၍ နင်းရသည့် ဆိုက်ကားအသုံးပြုချင်းမရှိတော့ဘဲ မော်တော်ဆိုင်ကယ်ကို ဘေးတွင် ဆိုက်ကားကဲ့သို့ တပ်ဆင်မောင်းနှင်သည့် ဘေးတွဲဆိုင်ကယ်များသာ မောင်းနှင်ပြေးစွဲကြတော့ခြင်းကြောင့်ဖြစ်သည်။ ဆိုက်ကားကိုမူ ရန်ကုန်မြို့တွင်းမြို့နယ်များနှင့် မြို့နယ်အချို့တွင်သာ စီးနင်းအသုံးပြုကြသည်။

“ လှိုင်သာယာကနေ လာဆွဲတာ။ ဒီနားမှာလည်း နေခဲ့ဖူးတော့ ဆိုက်ကားကို အသိဆိုင်တစ်ဆိုင်ကို ညနေပြန်ရင် အပ်ပြီးတော့လေ” ဟု ၎င်းက ပြောပြသည်။

 

ဆက်လက်ပြီး ၎င်း၏ လက်ရှိအကျပ်အတည်းကို ယခုကဲ့သို့ မချိတင်ကဲပြောလာသည်။

 

“အိမ်ငှားခတွေကလည်း တက်တော့ အဆင်မပြေပါဘူး။ တစ်နေ့ထက်တစ်နေ့ ကျပ်တည်းလာတယ်” ဟု အနှေးယာဉ်လုပ်သားကြီးက ဆိုသည်။ လောကဓံ၏ ရိုက်ချက်များစွာကို ခံထားရသည်ကို ၎င်း၏ မျက်နှာအသွင်အပြင်ပေါ်က ပါးရည်နားရည်များ၊ အနက်နုရောင် အသားအရည်အရောင်အသွေးတို့က သက်သေထူနေသည်။

အင်းစိန်မြို့နယ်က အနှေးယာဉ်လုပ်သားတစ်ဦးကလည်း ၎င်း၏ အခက်အခဲကို ယခုကဲ့သို့ ရင်ဖွင့်လာသည်။

 

“ဆိုင်ကယ်တွေက အင်းစိန်မြို့နယ်မှာ စီးခွင့်မရှိဘူး။ သူတို့ ဖမ်းချင်လည်းဖမ်းတယ်။ ဆိုက်ကားကတော့ အရင်လိုဆွဲမကောင်းဘူး။ တစ်နေ့လုံးနေမှ နှစ်ကြောင်း၊ သုံးကြောင်းလောက်ရတယ်။ တစ်သောင်းလောက်ပုံမှန်ရတာကနေ ငါးထောင်လောက်ပဲရတော့တယ်” ဟု ဆိုသည်။

 

တစ်ဖက်တွင်လည်း ရန်ကုန်၌ အနှေးယာဉ်စီးနင်းသူ များစွာလျော့ကျလာနေပြီး အာဏာသိမ်းပြီးသည့်နောက် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ နေထိုင်မှုစရိတ်စက ကြီးမြင့်ခြင်း အစရှိသည့်အထွေထွေအကျပ်အတည်းများကြောင့် အနှေးယာဉ်လုပ်သားအချို့ မလုပ်ကိုင်ဘဲ နားသွားကြသည့်အခြေအနေများလည်း ရှိလာနေသည်။

 

ထို့ကြောင့် ကျောမွဲတို့ ဘဝ ဆက်လက်မွဲနေဆဲ။

ယခင်ကကဲ့သို့ ဆိုက်ကားလေးဖြင့် လမ်းမသလားနိုင်တော့၊

ဆိုက်ကားလေးဖြင့် ဆန္ဒမထုတ်ဖော်နိုင်တော့၊

ဆိုက်ကားလေးဖြင့် မိသားစုဘဝမရပ်တည်နိုင်ကြတော့ပေ။

အိုသူက အို၊ ငိုသူက ငိုဖြင့် ဘဝခရီးလမ်း မဖြောင့်ဖြူးကြတော့ပေ။

 

ဓာတ်ပုံ – ကိုထက်