Facebook အစားထိုး စစ်ကောင်စီရဲ့ MySpace App ပြန်လည် အသက်ဝင်နေ

Author ပြည်စိုး
Categories
Published on Dec 09, 2024

ပြည်သူတွေ ဝိုင်းဝန်း Report ထုတာကြောင့် Play Store ကနေ ပျောက်ကွယ်သွားတဲ့ စစ်ကောင်စီရဲ့ MySpace Myanmar Application ဟာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ စတင်ပြီး အသုံးပြုသူတွေ များပြားစေဖို့ ဆွဲဆောင်မှုတွေ လုပ်ဆောင်နေတယ်လို့ နည်းပညာကျွမ်းကျင်သူတွေဆီက သိရပါတယ်။

 

မြန်မာပြည်တွင်း လူသုံးအများဆုံးဖြစ်တဲ့ Facebook နဲ့ အခြား Social Media တွေကို ပြည်သူတွေ အသုံးမပြုနိုင်အောင် ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီးနောက် စစ်ကောင်စီဟာ MySpace Myanmar Application နဲ့ အစားထိုးဖို့ ပြန်လည်လုပ်ဆောင်လာတာပါ။

“Play store ကနေ ဖြုတ်ချခံရပြီး အခု ဒီဇင်ဘာ ၁ ရက်နေ့မှာ Website ကနေ​ပြန်ပြီးတော့ လည်ပတ်ဖို့ စတင်လာတယ်။ အရင် အကောင့်ဖွင့်ထားဖူးတဲ့သူတွေကိုလည်း Email တွေပို့တယ်။ သူတို့က တူရကီက Wonder ကို အခြေခံပြီးတော့ သူတို့ လုပ်ထားတာ။ Play Store ကိုတော့ သူတို့ ပြန်မတင်နိုင်သေးဘူး။ လုံခြုံရေးအရ ယုံကြည်စိတ်ချရတဲ့ App တစ်ခု မဟုတ်ဘူးလို့ပဲ ယူဆပါတယ်” လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက လုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက Facebook ကို ပိတ်ပင်ပြီးနောက် အစားထိုးလူမှုကွန်ရက်တစ်ခုကို အသုံးပြုစေမယ်လို့ ကြေညာခဲ့ပါတယ်။

 

ဒီနှစ် ၂၀၂၄၊ မတ်လဆန်းပိုင်းမှာ MySpace ဆိုတဲ့ App တစ်ခုကို ပြည်သူတွေအသုံးပြုဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိသူတွေက တိုက်တွန်းဆွဲဆောင်ခဲ့ပြီး မေ ၃၀ ရက်နေ့မှာ Facebook ကို VPN တွေ ချိတ်ဆက်မရအောင် စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေက MySpace App ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းချုပ်ရယူမယ့် စစ်ကောင်စီရဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

 

ပြည်သူတွေကလည်း စစ်ကောင်စီထိန်းချုပ်မှုကို လက်မခံလိုတာကြောင့် Play Store မှာရှိနေတဲ့ MySpace Myanmar ၊ MySpace Messenger ၊ MySpace Club တို့ကို ဝိုင်းဝန်း Report ထုခဲ့ကြတာကြောင့် စစ်ကောင်စီရဲ့ MySpace ဟာ Play store ကနေ ဖြုတ်ချခံရပြီး သူတို့ အကြံစည်ဟာ ရပ်တန့်ခဲ့ရပါတယ်။

MySpace ဘက်ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုချက်တွေကို ထုတ်ပြန်နေပြီး MySpace ဟာ Commercial App တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ MySpace ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စတင်ရေးဆွဲတာလို့ ဆိုပါတယ်။

 

ဒီ App ကို ရေးဆွဲနိုင်ဖို့ အိန္ဒိယပညာရှင်တွေနဲ့ ပူးပေါင်းဖို့ လုပ်ဆောင်ခဲ့ပေမဲ့ မပူးပေါင်းဖြစ်ဘဲ မြန်မာ Developer တွေဟာ Open Source Product ကိုဝယ်ယူပြီး ပြင်ဆင်ရေးသားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

MySpace ဟာ Local Business Owner တွေ၊ SME Online Shopping တွေအတွက် Business Digital Platform အဖြစ် အသုံးပြုနိုင်ဖို့ ရေးဆွဲတာလို့ ဆိုပေမဲ့ နည်းပညာကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ထားတဲ့ App တစ်ခုသာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

စစ်ကောင်စီဟာ အာဏာသိမ်းယူခဲ့ချိန်ကနေ စတင်ပြီး ဒီနှစ် ၂၀၂၄၊ ဇူလိုင် ၃၀ ရက်နေ့အထိ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ သူတို့ကို ဝေဖန်ရေးသားခဲ့တဲ့ ပြည်သူ ၁၆၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

 

Related News

Depend on news