စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားမှုကို ဆွီဒင် AP7 ရန်ပုံငွေအဖွဲ့ ရုပ်သိမ်း
မြန်မာစစ်အုပ်စုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို ရုပ်သိမ်းကြောင်း ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ (AP7) က မနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။ သူတို့ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခဲ့တဲ့ ကုမ္ပဏီ ၃၅ ခုစာရင်းမှာ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီလေးခု ပါဝင်နေတာလည်း ဖြစ်ပါတယ်။
ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ (AP7) က ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ စစ်အုပ်စုနဲ့ပတ်သက်တဲ့ အိန္ဒိယကုမ္ပဏီနှစ်ခု၊ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ထိုင်းကုမ္ပဏီတစ်ခုတို့ပါဝင်နေပြီး ဒီကုမ္ပဏီတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အိန္ဒိယစစ်လက်နက်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Bharat Electronics Ltd နဲ့ Hindustan Aeronautics တို့ဟာ မြန်မာပြည်သူအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို စစ်ဘက်ဆိုင်ရာလက်နက်တွေ ထောက်ပံ့ရောင်းချနေတဲ့ ကုမ္ပဏီတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုအတွက် အဓိကနိုင်ငံခြားဝင်ငွေရရှိနေတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကုမ္ပဏီ PTTEP ကနေလည်း AP7 အဖွဲ့က နုတ်ထွက်ခဲ့သလို ဂျပန်ကုမ္ပဏီ Sumitomo မှာ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားတာကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဂျပန်ကုမ္ပဏီဖြစ်တဲ့ Sumitomo ဟာ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာကုမ္ပဏီတွေ ဖြစ်တာကြောင့် မြန်မာဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ MPT နဲ့ မိတ်ဖက် အဖြစ် ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်အုပ်စုက တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို နည်းပညာအသုံးပြုပြီး အင်တာနက်စောင့်ကြည့်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေချိန် MPT အပါအဝင် ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီတွေကလည်း ပူးပေါင်းပါဝင်နေတာ ဖြစ်ပါတယ်။
ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့အနေနဲ့ စစ်အုပ်စုနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ Justice For Myanmar နဲ့ Swedish Burma Committee (SBC) နဲ့ Fair Finance Guide တို့က တောင်းဆိုခဲ့တာဖြစ်ပြီး အခုလို ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းခဲ့မှုအပေါ် ကြိုဆိုကြောင်းကိုလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
မနေ့ ဒီဇင်ဘာ ၈ ရက်မှာ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခဲ့တဲ့ ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ဟာ စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်တဲ့ကုမ္ပဏီတွေမှာ အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး အခုလို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာကို ကြိုဆိုကြောင်းနဲ့ စစ်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို အရေးယူဖို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားရမယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ပြောဆိုထားပါတယ်။
ဓာတ်ပုံ – Ministry of Defence, Government of India
