ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၀၀ ကို တရုတ်အစိုးရကဖမ်းဝရမ်းနဲ့ ဆုကြေးထုတ်

Author CJ Platform
Categories
Published on Dec 09, 2025

နယ်စပ်အခြေစိုက် အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့အပြင် သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ပေးနိုင်သူတွေကိုပါ ဆုကြေးငွေပေးမယ်လို့ တရုတ်အာဏာပိုင်တွေက ဒီနေ့ ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ ရာဇဝတ်ဂိုဏ်းတွေမှာပါဝင်သူတွေဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ တစ်ဦးချင်းစီအတွက် တရုတ်ယွမ်ငွေ ၂ သိန်း (ဒေါ်လာ ၂၈၂၈၀) ပေးမယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ဖော်ပြထားတာပါ။

 

တရုတ်နိုင်ငံပြင်ပကို ထွက်ပြေးသွားတဲ့ ငွေကြေးလိမ်လည်သူတွေကို ပြည်ပမှာရှိတဲ့ အင်အားစုတွေက အကာအကွယ်ပေးထားပြီး သူတို့တွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတာကာ ကာလရှည်လိမ်လည်နေသူတွေဖြစ်တယ်လို့ MPS က ဆိုပါတယ်။ ဒါပေမဲ့ ပြည်ပမှာရှိတဲ့ အင်အားစုတွေဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာကို ထည့်သွင်းပြောထားတာမျိုး မရှိပါဘူး။

 

“အခု ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေဟာ ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ဆိုးရွားတဲ့လုပ်ရပ်တွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို ကျူးလွန်ခဲ့ရာမှာ ပါဝင်ပတ်သက်ခဲ့သူတွေပါ” လို့ MPS က ဆိုပါတယ်။

 

တရုတ်-မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ ငွေလိမ်ဂိုဏ်းတွေကို တရုတ်အစိုးရက အထူးစစ်ဆင်ရေးတစ်ရပ်ဖော်ဆောင်ပြီး နှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားကာ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၀၀ ကို ဖမ်းဆီးရမိနိုင်ဖို့အတွက် တုံ့ဆိုင်းမှုမရှိ  အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီစစ်ဆင်ရေးကို ဘယ်တော့ စတင်မယ်ဆိုတာကိုတော့ MPS က မဖော်ပြထားပါဘူး။

 

“ဖမ်းဝရမ်းထုတ်ခံထားရသူနဲ့ ပတ်သက်တဲ့အကြောင်းတွေကို သိရရင် ပြည်သူ့လုံခြုံရေးအဖွဲ့ အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့နဲ့ သတင်းပေးသူရဲ့အချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းထားပေးမယ်၊ ဒါပေမဲ့ ကျူးလွန်သူနဲ့ပတ်သက်ပြီး သိရှိထားတာကို ထိန်ချန်ထားရင်တော့ ဥပဒေအရ အရေးယူခံရမယ်”လို့ MPS က အသိပေးထားပါတယ်။

 

MPS ရဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားတာကတော့ မြန်မာနိုင်ငံအရှေ့ပိုင်း မြဝတီမြို့ ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသားကို အခု ဒီဇင်ဘာလဆန်းပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပြီး အခုထိ ၁၁၇၈ ဦးထိ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံပြင်ပက ငွေလိမ်ဂိုဏ်းတွေမှာပါဝင်ခဲ့တယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေက တရုတ်အစိုးရဆီ လွှဲပြောင်းပေးခဲ့တာကြောင့် အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၀ ကနေ လက်ရှိအချိန် တရုတ်နိုင်ငံသား ၆၆၀၀ လက်ခံဖမ်းဆီး ထိန်းသိမ်းထားတယ်လို့လည်း MPS က ထည့်သွင်းပြောဆိုထားပါတယ်။

 

Ref: Channel News Asia

 

ဓာတ်ပုံ – AP