အသံတိတ်သပိတ်ကို ဖျက်ဆီးဖို့ နတ်တော်လအတွင်းမှာ ကထိန်ခင်းရမယ်လို့ စစ်အုပ်စု ညွှန်ကြား
အသံတိတ်သပိတ် ( Silent Strike ) ပြုလုပ်မယ့် မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်ကိုင်းမြို့က လမ်းမတွေမှာ လူစည်ကားအောင် စစ်အုပ်စုက နတ်တော်လအတွင်းမှာပင် ကထိန်ပွဲတွေ ကျင်းပခိုင်းနေပြီး ပဒေသာပင်တွေပါ လှည့်လည်ပြသဖို့ လုပ်ဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေက သိရပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်မြောက်အဖြစ် နိုင်ငံတဝှမ်း အသံတိတ်သပိတ် လုပ်ဆောင်ဖို့ တိုက်တွန်းမှုတွေ ရှိနေချိန်မှာ စစ်အုပ်စုက လမ်းမတွေအထက် လူစည်ကားစေဖို့ စစ်ကိုင်းမြို့မှာ စုပေါင်း ဘုံကထိန်ကျင်းပဖို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ငလျင်အတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို လာရောက်ဖို့ အကြောင်းကြား ဖြန့်ဝေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ စကမ ဉာဏ်များတယ် နေရာစုံ အိုးဝေတွေကို ပဒေသပင်သီး အလှူခံခိုင်းထားတယ် ၊ ကထိန်းခင်းခိုင်းထား၊ လမ်းဘေး ပဒေသပင်ပါသီးထားတယ်၊ ရုပ်ရှင်ရုံထောင့်ရော ဆူအောင် အသံချဲ့စက်တွေလည်းဖွင့်ထားပြီး ပြင်ဆင်နေပြီ ၊ ဖိအားပေးပြီး မြို့ပေါ်လူစည်အောင်လုပ်တာ” လို့ စစ်ကိုင်းမြို့ခံ တစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်အုပ်စုက အဲဒီစုပေါင်းဘုံကထိန်အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ပြီး အိုးဝေအသင်းတွေ ၊ ဆိုင်ကယ်ကယ်ရီသမားတွေကို နေရာစုံပဒေသပင်အတွက် ဖိအားပေးအလှူခံမှုတွေစတင်ခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ အသံချဲ့စက်တွေဖွင့်ကာ စုပေါင်းဘုံကထိန်အတွက် ပြင်ဆင်လုပ်ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။
“ အရင်ရက်တွေက သဘောမပေါက်သေးဘူး၊ အခုမှ မြို့မဈေးရှေ့ ဆိုင်ကယ်ကယ်ရီတွေရော ၊ ရုပ်ရှင်ရုံထောင့် အိုးဝေတွေရော၊ နေရာစုံတပြိုင်ထဲလုပ်မှ သဘောပေါက်လို့ ထောက်ကြည့်မှ သိရတာ ၊ ဒီနေ့ဆို ဆိုင်ကယ်ကယ်ရီ ကထိန်ပါလုပ်နေပြီ မြို့မဈေးရှေ့မှာ” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
ကထိန်ပွဲတော်ကို ရာသီမရွေး ခင်းလိုတိုင်း ခင်းကျင်း လို့မရပဲ ကထိန်ပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသာခင်းကျင်းကြရပြီး ဝါတွင်း သုံးလပတ်လုံး ဝါကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာကျောင်းတိုက်တွေမှာ ခင်ကျင်းလှူဒါန်းကြရတာဖြစ်ပါတယ်။ အကယ်၍ ကထိန်အလှူရှင်က အန္တရာယ်တစ်စုံတရာကြောင့် ကထိန်ကာလမှာ မခင်းကျင်းနိုင်ပဲ ကထိန်ကာလအလွန်မှသာ လှူဒါန်းပါကလည်း ကထိန်အကျိုးအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့မှာ စစ်အုပ်စုရဲ့ ဖိအားပေးကထိန်ခင်းကျင်းခိုင်းတာနဲ့ ပက်သက်ပြီး ဆရာတော်တစ်ပါးက “ လုပ်တဲ့လုပ်ရပ်က တခုခုကိုဖုံးကွယ်ဖို့ အခုလို လူထုက မတရားမှုအတွက် အသံတိတ်သပိတ်ပြုလုပ်တာကို ဖုံးကွယ်ဖို့ ခုလို လုပ်တာဆိုရင်တော့ ကထိန်ပြုလုပ်တာက ရည်ရွယ်ချက်ကောင်းမဟုတ်ဘူး” လို့ မိန့်ကြားပါတယ်။
စစ်အုပ်စုဟာ မြို့ပေါ်လူစည်ကားစေဖို့ စုပေါင်းဘုံကထိန်အတွက် ဖိအားပေးတာတွေရှိသလို သူတို့ရဲလက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်ကိုင်းငလျင်သင့်ပြည်သူတွေအတွက် မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထောက်ပံ့ကြေးပေးဖို့အတွက် အသိပေးနေတာတွေရှိတယ်လို့သိရပါတယ်။
“ မနက်ဖြန် ရပ်ကွက်တွေမှာ ငလျင်ဘေးထောက်ပံ့မယ်ဆိုပြီး မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ သူတို့ Volunteer တွေက သတင်းလွှင့်နေတာရှိတယ်” လို့လည်း နောက်ထပ်မြို့ခံဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပါတီတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးသက်ပုံကလည်း အခုလို ငလျင်ဘေးထောက်ပံ့ပေးမယ်ဆိုပြီး မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေကို လိမ်လည်ခေါ်ယူပြီး မဲဆွယ်စည်းရုံးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်ကော်မတီတွေက စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့နဲ့ မနက်ဖြန်ကျရောက်မယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ၊ လူ့အခွင့်ရေးနေ့မှာပဲ ပြည်လုံးကျွတ်အသံသပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ စစ်ကိုင်း ၊ မုံရွာ ၊ မန္တလေး ၊ ရန်ကုန်မြို့ စတဲ့ မြို့ကြီးတွေမှာပါ မနက် ၅ နာရီကနေ ည ၇ နာရီအထိ အပြင်မထွက်ကြဖို့ တိုက်တွန်းလှုံ့ဆော်နေပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – စစ်ကိုင်းမြို့ပေါ်မှာ ကထိန်ခင်းဖို့အတွက် အလှူခံနေတဲ့ အဖွဲ့တစ်ခုကို မြင်ရပုံ
