ငလျင်ထောက်ပံ့ရေးလို့ လိမ်လည်ခေါ်ယူပြီး ဗိုလ်ချုပ်ဟောင်း သက်ပုံ မဲဆွယ်
အင်အားပြင်း ငလျင်လှုပ်ခတ်ရာမှာ ထိခိုက်ပျက်စီးမှု အများအပြား ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းမြို့က ငလျင်သင့် ဒေသခံတွေကို ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း သက်ပုံနဲ့ အဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာပဲ ငလျင်ထောက်ပံ့ရေး လုပ်ဆောင်မယ်လို့ဆိုကာ လိမ်လည်ခေါ်ယူ မဲဆွယ်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်က မြို့ခံတွေအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးလျက်ရှိနေပြီး လူစုလူဝေးများစွာ မဲဆွယ်စည်းရုံးရေးတွေမှာ တက်ရောက်ခြင်း မရှိတာကြောင့် အဲဒီလို စည်းရုံးခေါ်ဆိုပြီး မဲဆွယ်တာကို ဒီဇင်ဘာ ၆ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
“မဲက နေ့တိုင်းဆွယ်နေပြီ၊ ကြံ့ဖွတ်ပါတီ သက်ပုံက လူတွေ မလာမှာဆိုးလို့ ငလျင်ဘေး ထောက်ပံ့မယ်ဆိုပြီး လိမ်ခေါ်ပြီး ဟောပြောမဲဆွယ်သွားတာ၊ ဂျင်းမိပြည်သူတွေပါဗျာ” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီ မဲဆွယ်စည်းရုံးမှုတွေကိုတော့ လက်နက်ကိုင် စစ်အုပ်စုတပ်သားတွေ၊ ပျူတွေနဲ့ လုံခြုံရေးရယူပြီး လုံချင်းစုရပ်၊ နန္ဒဝန်ရပ်ကွက်တွေက ဒေသခံတွေကို မဲဆွယ်စည်းရုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟောင်း သက်ပုံဟာ စစ်အုပ်စုရဲ့ မဲဆွယ်စည်းရုံးခွင့် ပြုခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက စစ်ကိုင်းမြို့ပေါ်မှာ လက်နက်ကိုင် စစ်အုပ်စုလက်အောက်ခံ တပ်သား၊ ရဲတပ်သားနဲ့ ပျူအင်အား အများအပြားနဲ့ နေရာအနှံ့ လုံခြုံရေးချကာ မြို့ပေါ်ရပ်ကွက်တွေမှာ နေ့စဉ် စည်းရုံးရေးဆင်းနေတာ ဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟောင်း သက်ပုံဟာ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးနောက်မှာ စစ်ကိုင်းမြို့ ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်ကော်မရှင်ရဲ့ တာဝန်ပေးအပ်ခြင်း ခံရသူဖြစ်ပေမယ့် ငလျင်ဘေးသင့် ဒေသခံတွေအတွက် ထိရောက်တဲ့ ကူညီမှု မရှိသလို လာရောက်ကူညီမည့် ပရဟိတအဖွဲ့အစည်းတွေကိုလည်း လုံခြုံရေး အကြောင်းပြကာ ပိတ်ပင်တားဆီးခဲ့တာတွေ ရှိခဲ့ပါတယ်။
“အခုတော့ တိုက်ပြိုအိမ်ပြိုတွေ စကမပေးတာ ဆယ်ချီရာချီ ရှိနေတယ်၊ အဲဒါကလည်း ထွေအုပ်နဲ့ ရပ်ကွက်အုပ်ကြီးလူတွေလောက်ပဲ ရတာများပါတယ်” လို့ နောက်ထပ် စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကိုင်းငလျင် လှုပ်ခတ်မှု ၈ လကျော် ကြာသွားခဲ့ပေမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ငလျင်သင့် ဒေသခံတွေအဖို့ ထိရောက်တဲ့ အထောက်အပံ့တွေ မရရှိဘူးလို့ သိရပြီး အဲဒီလို ဒေသခံတွေကို ကြံ့ခိုင်ရေးပါတီက ဒုဗိုလ်ချုပ်ကြီးဟောင်း သက်ပုံနဲ့ အဖွဲ့က ငလျင်အထောက်ပံ့ပေးဖို့လို့ဆိုကာ လိမ်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းက ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ မြို့ခံ၊ ကျောင်းသားတွေ၊ မြို့ပေါ်စစ်ရှောင်တွေပါ မကျန် ချဉ်းကပ် မဲဆွယ်စည်းရုံးနေပြီး ဒုဗိုလ်ချုပ်ဟောင်း သက်ပုံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်လောက်က မြို့ပေါ်စစ်ရှောင်တွေဆီ သွားရောက်ကာ “ပါတီအနိုင်ရရင် အရာရာ အဆင်ပြေစေရမယ်၊ ကားကို ၁၀၀ ဖိုး သုံးစီးဖြစ်စေရမယ်” စတဲ့ လက်တွေ့မကျတဲ့ ကတိကဝတ်တွေနဲ့ပါ မဲဆွယ်နေတာတွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် စစ်တပ်ရဲ့ ရာထူးတာဝန်တွေကနေ ၂၀၂၅၊ စက်တင်ဘာမှာ အနားယူခဲ့တဲ့ ဦးသက်ပုံဟာ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နဲ့ ကနေဒါနိုင်ငံတို့ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့အရေးယူမှုတွေ ခံထားရသူ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တွေမှာ ကျင်းပမယ်လို့ ကြေညာထားပေမယ့် ပြည်သူအများကတော့ စိတ်ဝင်စားမှု အားနည်းနေပြီး တရားမဝင် ရွေးကောက်ပွဲအတွက် ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။
ဓာတ်ပုံ – ဦးသတ်ပုံ Facebook
