စစ်တပ်ပိုင် Mytel နဲ့ဆက်စပ်တဲ့ လူမှုကွန်ရက်အကောင့် ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား

Author CJ Platform
Categories
Published on Jan 09, 2026

စစ်အုပ်စုပိုင်ဆိုင်တဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ လူမှုကွန်ရက်အကောင့်တွေ အပါအဝင် ဆက်နွယ်နေတဲ့ အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook က သူတို့ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်‌။

 

Facebook က ဖယ်ရှားလိုက်တဲ့ လူမှုကွန်ရက်ပေ့ချ်နဲ့ အကောင့်ပေါင်း ၁,၀၀၀ ကျော်ထဲမှာ Mytel ကိုယ်စားလှယ်တွေရဲ့ ပေ့ချ်တွေလည်းပါဝင်သလို လက်လီအရောင်းဆိုင်တွေရဲ့ပေ့ချ်တွေနဲ့ အကောင့်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလိုဖယ်ရှားခံရမှုဟာ နှစ်စဉ်‌ အမေရိကန်ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရရှိနေတဲ့ စစ်အုပ်စုအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။

 

Mytel ဆက်သွယ်ရေးကုမ္ပဏီဟာ စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ရှယ်ယာပါဝင်ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းစုတစ်ခုဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနဲ့ မြန်မာခရိုနီလုပ်ငန်းအချို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

 

Mytel ဆက်သွယ်ရေးလုပ်ငန်းစတင်တည်ထောင်ပြီး ပထမ ၅ နှစ်တာကာလအတွင်း MEC ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကနေ အမေရိကန်ဒေါ်လာသန်း ၂၇၀ အထိ ရရှိနိုင်သလို အဲဒီနောက်ပိုင်း ၅ နှစ်တာကာလအတွင်း ဒေါ်လာသန်း ၄၅၀ အထိ ထပ်မံရရှိနိုင်တာကြောင့် ဒါဟာ စစ်အုပ်စုအတွက် အဓိကဝင်ငွေရရှိရာ ထောက်တိုင်တစ်ခုအနေနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ရာဇဝတ်မှုလုပ်ရပ်တွေမှာ Mytel က ကူညီထောက်ပံ့မှုတွေရှိနေပြီး ဆက်သွယ်ရေးကွန်ရက်တွေကတစ်ဆင့် စောင့်ကြည့်ထောက်လှမ်းတာ၊ ကြားဖြတ်နားထောင်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ပူးပေါင်းပါဝင်လုပ်ဆောင်နေတာကြောင့် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်အုပ်စုဝါဒဖြန့်အကောင့်တွေကို Facebook ၊ YouTube ၊ Twitch နဲ့ MediaFire တို့ကလည်း သူတို့ပလက်ဖောင်းကနေ ဖယ်ရှားမှုတွေလုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ရုပ်သံမီဒီယာ ၇ ခု ရုပ်သံထုတ်လွှင့်ရာမှာအသုံးပြုနေတဲ့ နည်းပညာပလက်ဖောင်းတွေကိုလည်း သက်ဆိုင်ရာနည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းကနေ ဖယ်ရှားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC