ဖားကန့်မှာ စစ်ကောင်စီက ကျောက်စိမ်းလုပ်ကွက်သုံး ယမ်းထားရာနေရာတွေကို အဓိကထား တိုက်ခိုက်နေ ညအချိန် ယမ်းတင်ထားတဲ့ ကားကိုပါ ဒရုန်းနဲ့ ဗုံးသီးချဖောက်ခွဲ

Author CJ Platform
Categories
Published on Jun 09, 2025

စစ်ကောင်စီက ဖားကန့်ကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စတင်ကာ ပြန်ဝင်ရောက်လာပြီး ဒေသခံကျေးရွာတွေမှာ ကျောက်စိမ်းတူးဖော်ရေးအတွက် သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့မှာလည်း ယမ်းတင်ဆောင်ထားတဲ့ ကားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လူအိပ်ချိန်ဖြစ်တဲ့ ညသန်းခေါင်ကျော် ဒီကနေ့မနက် ၁ နာရီခန့်မှာ စစ်ကောင်စီက ယမ်းတင်ထားတဲ့ ခြောက်ဘီးကား သုံးစီးကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ကားသုံးစီးအပါအဝင် နှစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“လူက အစောင့်ပဲထားတာဆိုတော့ သေဆုံးမှုမရှိပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရ၊ ဒဏ်ရာအသေးပဲ ရတယ်” လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီက ဖားကန့်ဒေသမှာရှိတဲ့ ယမ်းသိုလှောင်ရာနေရာတွေကို ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ညက ခွန်ဆာကုန်းကျေးရွာက ဒေသခံ ၉ ဦး သေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် ဇွန်လ ၃ ရက်နေ့ကလည်း ဖားကန့်ရှိ ဆောင်းချိန်ကျေးရွာက ကုမ္ပဏီလုပ်ကွက်ရှိ ယမ်းဂိုဒေါင်ပေါ် ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ဒေသခံ သုံးဦး သေဆုံးခဲ့ရပါသေးတယ်။

 

စစ်ကောင်စီက ယမ်းသိုလှောင်ရာနေရာတွေကို ဗုံးသီးချ တိုက်ခိုက်နေပြီး ကျေးရွာတွေအတွင်းမှာ ယမ်းဂိုဒေါင်တွေကို မထားရှိဖို့နဲ့ ထားရှိပါက ယမ်းဂိုဒေါင်တွေကို သော့ဖျက်ကာ ယမ်းတွေကို ဥရုချောင်းအတွင်း မျောပစ်ရမယ်လို့ ပိုင်ရှင်တွေကို တောင်းဆိုခဲ့ပါတယ်။

 

“တာဝန်ခံတွေ လာပြီး ဂိုဒေါင်က ယမ်းတွေကို ရွှေ့ပေးပါတယ်။ အခု ဗုံးကြဲခံရတဲ့ ယမ်းတင်တဲ့ ကားတွေက အဲဒီကဟာတွေလည်း ဖြစ်နိုင်ပါတယ်။ တိတိကျကျတော့ မသိပါဘူး” လို့ ဒီအကြောင်း သိရှိသူ ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

လက်ရှိ ဖားကန့်မှာ စစ်ကောင်စီရဲ့ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်က တပ်ဖွဲ့ဝင်တွေက အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်နီးပါးကြာ တပ်စွဲထားပြီးနောက် မိုးကောင်းမြို့အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်မဟာတစ်ခုဖြစ်တဲ့ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၃) က တပ်ဖွဲ့တွေနဲ့ တပ်အချိန်းအပြောင်း ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီလို တပ်အချိန်းအပြောင်း ပြုလုပ်ရာမှာ စကခ(၃) တပ်ဖွဲ့တွေရောက်ရှိလာပေမဲ့ တပ်မ (၃၃) က တပ်တွေလည်း အလဲအလှယ် မပြုလုပ်နိုင်သေးဘဲ ဆက်လက်ရှိနေသေးတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

 

“နောက်ရောက်လာတဲ့ စကခ(၃) တပ်တွေထဲမှာက စကစတပ်တွေရော၊ ရှမ်းနီတပ်တွေအပြင် ပြည်သူ့စစ်တွေလည်း ပါလာတယ်။ အခုက ထပ်တိုးလာတာပါ” လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

 

လက်ရှိမှာတော့ ဖားကန့်မှာ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးတာ၊ ကျောက်စိမ်းလုပ်ကွက်တွေ ဝင်ရောက်မွှေနှောက်ပြီး စက်ယန္တရားတွေ မီးရှို့ဖျက်ဆီးတာအပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးသီးချ ပစ်ခတ်နေတာကြောင့် မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့အထိ ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်