အင်အား ဆက်တိုက်တိုးချဲ့နေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က အခြေခံစစ်သင်တန်း အပတ်စဉ် ၁၅ သင်တန်းဆင်း

Author CJ Platform
Categories
Published on Jun 09, 2025

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တပ်မဟာ ၈၉၁ တပ်ရင်း ၄ မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမောက် ဒေသများကို အခြေပြုပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ တပ်မဟာ ၃ ခုနဲ့ ဖွဲ့စည်းခဲ့ကာ ၂၀၂၀ ခုနှစ်နောက်ပိုင်း တပ်မဟာ တစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့တဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA က လူသစ်စုဆောင်းပြီး အခြေခံစစ်သင်တန်းဆင်းပွဲတွေကို လစဉ်နီးပါး ပြုလုပ်လာနေတာကို ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

ရှမ်းနီတပ်ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၁၅ သင်တန်းဆင်းပွဲမှာတော့ အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိတာကို ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီနဲ့ SNA တို့ကြား လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတချို့ ပြုလုပ်ခဲ့ပြီး SNA အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ပြည်သူ့စစ်အဖြစ်သာ ဖွဲ့စည်းခွင့်ပေးခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

 

ဒါ့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ရှမ်းနီတပ် SNA တို့ကြား ၂၀၂၂ ခုနှစ်အတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထိုအချိန်က စစ်ကောင်စီက လက်နက်ကြီးနဲ့ SNA ဘက်ကနေ ပစ်ကူပေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

 

ရှမ်းနီတပ်မတော် SNA အနေနဲ့ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က SNA တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ ပန်မီစစ်သင်တန်းကွင်းမှာ ကျင်းပတဲ့ အမှတ်စဉ် ၁ အပတ်စဉ် ၁၁ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။

 

ရှမ်းနီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဟာ ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ နှစ်ဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နဲ့ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ SNA ကတော့ ငြင်းဆန်ထားပါတယ်။

 

ဓာတ်ပုံ – SNA