အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဒီကနေ့မှာလည်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး တိုက်ခိုက်မှုအတွက် အပြန်အလှန် အပြစ်တင်

အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့ဟာ ဒီကနေ့ မေလ ၉ ရက်နေ့မှာလည်း နှစ်နိုင်ငံကြား ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ အိန္ဒိယဘက်က ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်ထိန်းချုပ်ထားရာ ကက်ရှ်မီးယာ ဒေသထဲက အကြမ်းဖက်သမားတွေရှိတဲ့ နေရာကိုးခုကို လေကြောင်းကနေ ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ရာကနေ စတင်ပြီး ရန်ဘက်နှစ်နိုင်ငံကြား လက်ရှိအချိန်ထိ ပဋိပက္ခတွေ ဆက်လက် တောက်လောင်လာတာပဲ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ မေ ၇ ရက်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ ဆင်ဒေါစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသထဲက ဟိန္ဒူခရီးသွားအုပ်စုကို ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေက နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ စစ်တပ်က ပြောဆိုပါတယ်။
အဆိုပါ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေနဲ့ ပါကစ္စတန်အစိုးရကြား ပတ်သက်ဆက်စပ်မှု မရှိဘူးလို့ ပါကစ္စတန်ဘက်က ငြင်းချက်ထုတ်ခဲ့ပေမဲ့ အိန္ဒိယရဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ နှစ်နိုင်ငံကြား ဒုံးကျည်တွေ၊ ဒရုန်းတွေအပြင် လက်နက်ကြီးတွေနဲ့ပါ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
နျူးကလီးယားလက်နက် ပိုင်ဆိုင်ကြတဲ့ နိုင်ငံနှစ်နိုင်ငံကြားက သုံးရက်တာ ပဋိပက္ခအတွင်း လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၄၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ရာဝန်းကျင်ရှိပြီး သေဆုံးသူတွေထဲ ၃၂ ဦးကတော့ ပါကစ္စတန်နိုင်ငံဘက်က ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မှာလည်း အိန္ဒိယထိန်းချုပ်ထားရာ ဒေသထဲက အိန္ဒိယစစ်တပ်ရဲ့ နေရာ သုံးနေရာကို ပါကစ္စတန်ဘက်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိတယ်လို့ အိန္ဒိယ စစ်တပ်က ပြောဆိုပေမဲ့ ပါကစ္စတန်ဘက်က ငြင်းဆိုခဲ့ပါတယ်။
ပါကစ္စတန်အနေနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာတွေ မလုပ်ခဲ့ဘဲ အိန္ဒိယစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေကို လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုတွေကိုသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ပါတယ်။
ယမန်နေ့ မေလ ၈ ရက်နေ့တုန်းက အိန္ဒိယဘက်က ပါကစ္စတန်ဘက်ထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ရတဲ့အပြင် ဒီကနေ့မနက်ပိုင်း တိုက်ခိုက်မှုမှာလည်း မွေးကင်းစ ကလေးငယ် အပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံကြား နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ပဋိပက္ခလို့ ဆိုနိုင်တဲ့ ပြဿနာကြောင့် နှစ်နိုင်ငံလုံးရဲ့ နယ်စပ်ကျေးရွာတွေက ရွာသူ ရွာသားတွေ စစ်ဘေးရှောင်နေကြရသလို မြို့ကြီးတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်မှု၊ လေကြောင်းရန်အချက်ပေးသံတွေ ဆူညံနေမှုအပြင် အခြေခံ စားသောက်ကုန်တွေ စုဆောင်းဝယ်ယူနေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့တဲ့ အချိန်က စပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ တောက်လျှောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ မွတ်ဆလင်အများစု နေထိုင်တဲ့ ကက်ရှ်မီးယားဒေသဟာ နှစ်နိုင်ငံ ပဋိပက္ခရဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး နှစ်နိုင်ငံကြား စစ်ပွဲသုံးကြိမ်ဖြစ်ဖူးပြီး နှစ်ကြိမ်က ကက်ရှ်မီးယားဒေသနဲ့ သက်ဆိုင်တယ်လို့ သိရပါတယ်။
ကိုးကား- Reuters, Al Jazeera
ဓာတ်ပုံ- Reuters/ Stringer
ပုံစာ- အိန္ဒိယထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသထဲက အပျက်အစီးနေရာတစ်ခုကို ဒီကနေ့ မနက်ပိုင်းမှာ တွေ့မြင်ရစဉ်