ကချင်လွတ်မြောက်ရေးတပ် KIO/KIA နဲ့ တအာင်းတပ် PSLF/TNLA တို့ရဲ့ ပဋိပက္ခတွေကြား ရှေ့ပြေးညှိနှိုင်းမှုတွေ စတင်

Author CJ Platform
Categories
Published on Apr 09, 2025

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO/KIA နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ပဋိပက္ခတွေကြားပြေလည်မှုရရှိနိုင်ဖို့ ရှေ့ပြေးညှိနှိုင်းမှုတွေ စတင်နေပြီလို့ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒု-ဥက္ကဋ္ဌ – ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော် ဒီကနေ့မှာ အသိပေးစာတစ်စောင် ထုတ်ပြန်လာပါတယ်။

 

ဆွေးနွေးပွဲအတွင်း ညှိနှိုင်းဆောင်ရွက်ဖို့ဒေသတွင်းက ပြည်သူတွေအကူအညီပေးဖို့နဲ့ မီဒီယာတွေ အကြံပေးထောက်ပြလိုသူတွေရဲ့ အပြုသဘောဆောင်တဲ့ ကူညီမှုတွေကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

 

“KIO နဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပါပြီ။ သက်ဆိုင်ရာဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန်နှင့် အွန်လိုင်းသုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြလိုသူများ ထံမှလည်း အပြုသဘောဆောင်သော ကူညီပံ့ပိုးမှုများကို မျှော်လင့်ပါသည် “ လို့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးကာလကတည်းက ရှမ်းမြောက်ဒေသမှာရှိတဲ့ နမ့်ဖက်ကာမြို့ဝန်းကျင်မှာ KIA အောက်ခြေတပ်ဖွဲ့ ဝင်တွေနဲ့ TNLA အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခ အချို့ စတင်ဖြစ်ပွားခဲ့တာပါ။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း နှစ်ဖွဲ့တပ်ဖွဲ့တွေကြား မြေပြင်အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်ဖွဲ့ နှစ်ခုအကြား အငြင်းပွားမှုတွေကနေ ဖမ်းဆီးမှုတွေ ရိုက်နှက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတာကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။

 

ဒါ့အပြင် ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ KIA ဆက်ဆံရေးရုံးနဲ့ မန်တုံမြို့နယ် မန်မောက်ရွာမှာရှိတဲ့ KIA တိုက်နယ်ရုံးတို့ကို TNLA တပ်ဖွဲ့တွေက ဖယ်ရှားဖို့ကြိုးစားရာမှာလည်း နှစ်ဖက်အဖွဲ့အစည်းကြား အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီလို ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြီးခဲ့တဲ့ မတ် ၃ ရက်မှာ နှစ်ဖက်တာဝန်ရှိသူတွေက အသီးသီးထုတ်ပြန်ပြောဆိုထားပေမဲ့ နှစ်ဖက်ပဋိပက္ခတွေမြင့်တက်နေဆဲဖြစ်ရာကနေ ဒီကနေ့မှာတော့ ရှေ့ပြေးညှိနှိုင်းမှုတွေ စတင်နေပြီလို့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က အသိပေးလာတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – TNLA

Related News

Depend on news