လူနာအပေါ် မောက်မာစွာ ဆက်ဆံမိလို့ မြောင်းမြဆေးရုံ ဆေးပေးဝေမှုဌာနဝန်ထမ်းနဲ့ ဆေးရုံအုပ်ကြီးက ပြန်တောင်းပန်

Author CJ Platform
Categories
Published on Apr 09, 2025

ဧရာဝတီတိုင်း မြောင်းမြမြို့ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးပေးဝေမှုဌာနဝန်ထမ်းတစ်ဦးက အရေးပေါ်လူနာ သံဃာတော်တစ်ပါးကို မောက်မာစွာ ဆက်ဆံခဲ့တဲ့အပေါ် သတင်းတွေထွက်ပေါ်အပြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သက်ဆိုင်ရာဝန်ထမ်းက ပြန်လည်တောင်းပန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးဆီက သိရပါတယ်။

 

“ဆေးရုံအုပ်ကြီးက လူနာစောင့်ရော အဲဒီဝန်ထမ်းကိုရော သူ့ရုံးခန်းဆီခေါ်ပြီးတော့ သူရော ဝန်ထမ်းရောက လူနာစောင့်ကျေနပ်အောင် တောင်းပန်ခဲ့ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မြောင်းမြဆေးရုံကြီးမှာရှိတဲ့ ဆေးပေးဝေမှုဌာနက ဝန်ထမ်းတစ်ဦးဟာ ဧပြီ ၄ရက်နေ့ ညပိုင်းမှာ ဆေးရုံကို အရေးပေါ်ရောက်ရှိလာတဲ့ သံဃာတော်တစ်ပါးနဲ့ လူနာစောင့်ကို မောက်မာစွာဆက်ဆံခဲ့မှုအပေါ် သတင်းတွေ ထွက်ပေါ်အပြီးမှာ အခုလို တောင်းပန်ခဲ့တာပဲဖြစ်ပါတယ်။

 

“ပြောမိတဲ့ဝန်ထမ်းကလည်း သူအရမ်းပင်ပန်းနေပြီးတော့ စကားတွေ အကျအကောက်မှားကုန်တာပေါ့နော်၊ ပြန်တောင်းပန်ခဲ့ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းက ဆိုပါတယ်။

မြောင်းမြဆေးရုံမှာ ၂၀၁၄ခုနှစ် ဇူလိုင်လတုန်းကလည်း ခွဲစိတ်စရိတ်မတတ်နိုင်တဲ့ ပြည်သူတစ်ဦးကို ဆေးရုံက မောက်မာစွာ ဆက်ဆံခဲ့ပြီး နှင်ထုတ်ခဲ့တာကြောင့် နှင်ထုတ်ခံရတဲ့ လူနာဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

Related News

Depend on news