“ကန်ဒေါ်လာကလွဲပြီး အနည်းငယ်ပြန်တက်လာတဲ့ နိုင်ငံခြားငွေဈေး” “ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (မတ်လ ၁  ရက်ကနေ ၈   ရက်နေ့အထိ)

Published on Mar 09, 2025

ဒီတစ်ပတ်မှာတော့ နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်ဒေါ်လာကလွဲလို့ အခြား နိုင်ငံခြားငွေဈေးနှုန်းတွေ ပြီးခဲ့တဲ့အပတ်ကထက် အနည်းငယ်စီ ပြန်တက်လာတာကို တွေ့ရပါတယ်။

 

ဒီတစ်ပတ် အတွင်း အမေရိကန်ဒေါ်လာ နဲ့ တရုတ်ယွမ်ငွေတို့ အကျဘက်မှာရှိနေခဲ့ရာမှာ တရုတ်ယွမ်ငွေက ကြာသပတေးနေ့မှာ အရင်အပတ်ရဲ့ဈေးနှုန်းကို ပြန်ရောက်ခဲ့ပေမဲ့ စနေနေ့ ဈေးကွက်ပိတ်ချိန်မှ ၃ ကျပ်ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ်ထဲ ကန်ဒေါ်လာ ၂၄ သန်း၊ တရုတ်ယွမ်ငွေ ၄ သိန်းနဲ့ ထိုင်းဘတ် သန်း ၁၆၀ ကျော် ရောင်းချပေး ခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီလိုရောင်းချပေးရာမှာ တနင်္လာနေ့မှာ ကန်ဒေါ်လာ ၅သိန်းခွဲ၊ တရုတ်ယွမ် ၄ သိန်းကျော်နဲ့ ထိုင်းဘတ် ၆ သိန်းကျော်ရောင်းချပေးခဲ့ပြီး စက်သုံဆီလုပ်ငန်းရှင်တွေအတွက် ကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပြီး နောက်တစ်နေ့ အင်္ဂါနေ့မှာ ရောင်းချခဲ့ပါတယ်။

 

ဒါ့အပြင် သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့မှာကြေညာခဲ့တဲ့အပြင် ထိုင်းဘတ် ၈ ဒသမ ၁ သန်းကျော်လည်း ရောင်းချပေးခဲ့ပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ကြာသပတေးနေ့နဲ့ သောကြာနေ့ နှစ်ရက်မှာတော့ ကန်ဒေါ်လာ ၄ သိန်း ၆သောင်းကျော်နဲ့ ထိုင်းဘတ် ၁ ဒသမ ၉ သန်းကျော်ရောင်းချပေးခဲ့ပါတယ်။

 

ဒီတစ်ပတ်ငွေကြေးဈေးကွက်ထဲ အရင်အပတ်နဲ့နှိုင်းယှဉ်ပါက ကန်တစ်ဒေါ်လာကို ၄၀ ကျပ်ကျဆင်းသွားတာကိုတွေ့ရပြီး ဥရောပတစ်ယူရိုကို ၁၄၅ ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာကို ၄၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၁၀ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၃ ကျပ် မြင့်တက်သွားခဲ့တာကို တွေ့ရပါတယ်။

 

စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၁၀ ကျပ်၊ ဥရောပတစ်ယူရို ၄၇၅၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၆၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၂၀ ကျပ်၊ တရုတ်တစ်ယွမ် ၆၀၇ ကျပ်၊ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်နဲ့ အိန္ဒိယ တစ်ရူပီး ၅၀ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။

Related News

Depend on news