“စက်သုံးဆီဈေးနှုန်း ဆက်လက်ကျဆင်း” “ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (မတ်လ ၁  ရက်ကနေ ၈   ရက်နေ့အထိ)

Published on Mar 09, 2025

စက်သုံးဆီဈေးနှုန်းတွေဟာ အခု မတ်လ အတွင်းပြန်လည်ကျဆင်းလာခဲ့ရာ ဒီတစ်ပတ်မှာတော့ အရင်အပတ်ကထက် စက်သုံးဆီအမျိုးအစားအားလုံး ၈၀ ကျပ်ဝန်းကျင် ထပ်မံကျဆင်းသွားခဲ့ပါတယ်။

 

ဒါကြောင့် ဒီဇယ်ဈေးနှုန်းတွေက ဇန်နဝါရီ ဒုတိယအပတ်က ဈေးနှုန်းကို ပြန်လည်ရောက်ရှိသွားသလို ဓာတ်ဆီဈေးနှုန်းတွေကတော့ ဖေဖော်ဝါရီလ အစက ဈေးနှုန်းနီးပါးပြန်ရောက်ရှိခဲ့ပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ကိုရောင်းချပေးမယ်လို့ ဒီတပတ်ရဲ့ တနင်္လာနေ့မှာပဲ ကြေညာခဲ့ပါတယ်။

 

ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေထဲ ဒီဇယ်ဈေးနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကထက် တစ်လီတာကို ၇၀ ကျပ်ကျဆင်းသွားပြီး အဆင့်မြင့်ဒီဇယ် တစ်လီတာကို ၈၀ ကျပ်ကျဆင်းသွားခဲ့သလို ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92  နဲ့ 95 စက်သုံးဆီတွေလည်း တစ်လီတာကို ၇၅ ကျပ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

 

မန္တလေးစက်သုံးဆီဈေးကွက်မှာတော့ စက်သုံးဆီဈေးနှုန်းအားလုံး ရန်ကုန်ဈေးကွက်ထက် တစ်လီတာကို  ၁၁၅ ကျပ်ပိုများကာ ကွာဟနေတာကိုတွေ့ရပါတယ်။

 

ဒီတစ်ပတ်မှာလည်း အရင်အပတ်ကလိုပဲ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာပဲ စက်သုံးဆီစျေးနှုန်း အပြောင်းအလဲ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၃၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၂၀၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

မန္တလေးစက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၈၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၄၄၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၂၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၃၂၀ ကျပ် ဈေးရှိပါတယ်။