လုပ်အားခ တိုးတောင်းလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်သစ်ပြန်ရဖို့ ခက်ခဲနေ

Author ကိုထက်
Categories
Published on Dec 09, 2024

လုပ်ခလစာ တိုးတောင်းလို့ဆိုပြီး အလုပ်ထုတ်ခံလိုက်ရတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် – ၄ က Yangon Nadia-Pacific အထည်ချုပ်စက်ရုံ အလုပ်သမားတချို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကတည်းက စလို့ လက်ရှိအထိ အလုပ်အသစ် ပြန်ရဖို့ ခက်ခဲနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

သူတို့ဟာ နိုဝင်ဘာလကုန်မှာ နစ်နာကြေးနဲ့ တရားဝင် အလုပ်ထုတ်ခံရတဲ့ သူတွေ ဖြစ်ပေမဲ့ Yangon Nadia-Pacific အထည်ချုပ်က အလုပ်သမားတွေလို့ဆိုကာ အလုပ်မခန့်တာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တချို့က ဆိုပါတယ်။

“နစ်နာကြေးပေးပြီး သူတို့ဘက်က မကျေနပ်လို့ ထုတ်လိုက်တာလေ။ ကျွန်မတို့က လုပ်အားခ တိုးတောင်းခဲ့တာပဲ ရှိတာ။ ဘာနာမည်ပျက်နဲ့မှ ထွက်လာရတာမှ မဟုတ်တာ။ အဲဒါကို ဒီစက်ရုံကနေ လာလျှောက်တဲ့ သူတွေဆိုပြီး အလုပ်မခန့်ဘူး။ ရတဲ့သူ‌တွေကျလည်း အဆက်အသွယ် တော်တော်ကောင်းလို့ ရသွားကြတာ။ အလုပ်အသစ်မရသေးတဲ့သူတွေ အများကြီးရှိသေးတယ်”လို့ အလုပ်သမား အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခုလို လုပ်အားခတိုးတောင်းလို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားပေါင်းဟာ ၄၀၀ ကျော်အထိ ရှိပြီး အလုပ်မထုတ်ဖို့ ညှိနှိုင်းမှုကို လက်မခံဘဲ စက်ရုံဘက်က ထုတ်လိုက်တာလို့ အလုပ်သမားတွေဆီက သိရပါတယ်။

 

“အလုပ်သမားတွေက စက်ရုံဘက်က တောင်းတဲ့ တခြားစက်ရုံတွေမှာ ပေးနေတဲ့ပုံစံတွေကို ပြောပြပြီး တောင်းဆိုတာကို သူတို့ (စက်ရုံဘက်) က လက်မခံဘူး။ အလုပ်ရပ်ပြီးပါ တောင်းဆိုတော့ အဲဒီလူတွေ အကုန် နစ်နာ‌ကြေးပေး ထုတ်လိုက်တာ”လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။

 

လိူင်သာယာ စက်မှုဇုန်- ၄ မှာ ဖွင့်လှစ်ထားတဲ့ Yangon Nadia-Pacific အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ဟာ တစ်ရက် လုပ်ခ ၈,၅၀၀ ကျပ် တိုးမြှင့်ပေးဖို့အတွက် နိုဝင်ဘာ ၂၇ ရက် နဲ့ ၂၈ ရက်တို့မှာ နာရီပိုင်း အလုပ်မလုပ်ဘဲ တောင်းဆိုခဲ့ကြပြီး နိုဝင်ဘာ ၂၉ ရက်မှာတော့ အဲဒီ တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေကို စက်ရုံဘက်က အလုပ်ထုတ်ခဲ့တာပါ။

 

လက်ရှိမှာ အလုပ်အသစ်လျှောက်လို့ မရကြသေးတဲ့ အလုပ်သမား ရာနဲ့ချီရှိနေသေးပြီး အများစုက ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းဘက်တွေက ပြောင်းရွှေ့ လာရောက်လုပ်ကိုင်ကြသူတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – Yangon Nadia-Pacific စက်ရုံဝက်ဘ်ဆိုက်