ဟားခါး-ထန်တလန်ကြားက နောက်ဆုံးစခန်း မတိုက်ရဘဲ CC တပ်တွေသိမ်းပိုက်ရရှိ စစ်ကောင်စီတပ်စခန်းခြောက်ခုလုံး CC ထိန်းချုပ်

Author ဆလိုင်း
Categories
Published on Dec 09, 2024

ချင်းပြည်၊ ဟားခါး-ထန်တလန်မြို့ကြားက နောက်ဆုံးတပ်စခန်းကို ချင်းလဲန်းကောင်စီ(CC)နဲ့ပူးပေါင်းတပ်တွေက ယမန်နေ့ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီခန့်မှာ မတိုက်ခိုက်လိုက်ရဘဲ သိမ်းပိုက်ရရှိတယ်လို့ အဲဒီက CJ Platform ရဲ့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

အဲဒီက စခန်းခြောက်ခုကို သမ္မာကျမ်းစာထဲကနာမည်တစ်ခုဖြစ်တဲ့ ‘ယေရိခေါ’ စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့အထိ စခန်းငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုနောက်ဆုံးစခန်းကို ရရှိခဲ့တာဖြစ်ပါတယ်။

 

“ဟားခါး – ထန်တလန်ကြားလမ်းကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ တိုက်ဖို့သွားနေတုန်း အကုန်ထွက်ပြေးကြတယ်။ ဘာမှတော့ မရလိုက်ဘူး” လို့ CC စစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

ဟားခါး-ထန်တလန်ကြား တပ်စခန်းတွေ မကျစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ဟားခါးမြို့ ရုန်းတောင်တပ်စခန်းကနေ လက်နက်ကြီးကျည်တွေ အဆက်မပြတ် ပစ်ကူပေးနေတဲ့ကြားက CC လက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အခု CNA တပ်တွေထိန်းချုပ်လိုက်တဲ့ ဟားခါး-ထန်တလန်လမ်းကိုအသုံးပြုပြီး ထန်တလန်မြို့ဆီ ဟားခါးမြို့ကနေ စစ်ကူအပါအဝင် လက်နက်ခဲယမ်း၊ ရိက္ခာပေးပို့တာတွေ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် ဒီလမ်းပိုင်းထိန်းချုပ်နိုင်ခဲ့တာဟာ စစ်ရေးအရ အရေးပါတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

“ဟားခါး-ထန်တလန်လမ်းက စစ်ကောင်စီအတွက်ရော ကျွန်တော်တို့အတွက်ပါ စစ်ရေးအရအလွန်အရေးကြီးပါတယ်။ အဲဒီအတွက် စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်” လို့ CJ Platform ရဲ့ ချင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

 

ဟားခါး-ထန်တလန်ကြားတပ်စခန်းတွေ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ဆက်လက်ပြီး စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

 

အဲဒီစခန်းသိမ်းတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့်အရှိသူ နှစ်ဦးအပါဝင် အယောက် ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိတယ်လို့ CC တပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီတပ်ဘက်က သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို ဟားခါးမြို့ကနေ ဒီဇင်ဘာလ ၅ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြေပြင်အပြင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဟားခါး – ထန်တလန်ကြား ရှေ့တန်းတစ်နေရာမှာ CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေကို တွေ့မြင်ရစဥ်

 

Related News

Depend on news