ဗုံးဆန်တွေကြားက ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ခေတ်ကာလအခြေအနေအရ လူတိုင်းက တစ်နည်းမဟုတ် တစ်နည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ စီးပွားရေးက စလို့ လူမှုရေးအလယ် ပညာရေးအဆုံး အဘက်ဘက်က ထိုးနှက်မှုတွေကို အလူးအလဲ ခံနေကြရတယ်ဆိုတာ စာဖတ်သူတို့ အသိပါ။ အဲဒီထဲကမှ စစ်ဘေးရှောင်တွေဟာလည်း ဒုက္ခဘေးဘယမှန်သမျှကို ခါးစည်းခံရပြီး အန္တရာယ်တွေဆီက ပြေးရှောင်နေကြရပါတယ်။ ကြမ္မာဆိုး ပိုသင့်ရသူတွေကတော့ စစ်ဘေးရှောင်ရင်း ကိုယ်ဝန်ဆောင်ရသူ မိခင်တွေပါ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းအပြီး စစ်မီးတောက်လောင်ချိန်ကာလ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ဒီထဲမှာ ကိုယ်ဝန်ရင့်မာနဲ့ နေရပ်က ထွက်ပြေးရသူ မိခင်လောင်းအမျိုးသမီးတွေလည်း အမြောက်အမြားပါပဲ။
ဒီကနေ့ CJ Platform ရဲ့ သိစေချင်လို့ ကဏ္ဍမှာ ဗုံးဆန်တွေကြား ဖြတ်သန်းကျော်လွှားနေရတဲ့ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ရဲ့ ဘဝ ဘယ်လိုအခြေအနေရှိလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲဆိုတာ ထပ်တူခံစားကြည့်ရအောင်လား။
“ပြေးဟေ့ဆိုတာနဲ့ ဗိုက်တစ်ဖက် မပေါ့မပါးကြီးနဲ့ ပြေးရတယ်။ ပြေးနေရင်း လေယာဉ်လာရင် ဝပ်ရပြန်ရော၊ တစ်ခါတလေ အိမ်ကလူတွေ မရှိရင် နီးစပ်ရာဆွေမျိုးတွေရဲ့ အကူအညီနဲ့ ပြေးရတယ်။ ကလေးငယ်လေးက တစ်ဖက်ရှိသေးတော့ အတော်ဒုက္ခများခဲ့တယ်ပဲ ဆိုပါတော့”
အသက် ၂၈ နှစ်အရွယ် မခိုင်(အမည်လွှဲ)က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ နေထိုင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထဲက တစ်ဦးပါ။ မြန်မာစစ်တပ်က နိုင်ငံကို အာဏာသိမ်းလိုက်ပြီးနောက် ဒေသတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး စီးနင်းတာတွေ၊ မီးတင်ရှို့တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာတော့ ကိုယ်ဝန်ရင့်မာနဲ့ မခိုင်တစ်ယောက် နေရပ်စွန့်ခွာ ထွက်ပြေးရပါတယ်။ ပုံမှန်က တစ်မြို့နဲ့ တစ်မြို့၊ တစ်ရွာနဲ့ တစ်ရွာ နာရီပိုင်းပဲကြာပေမဲ့ နယ်မြေမတည်ငြိမ်မှုတွေ ရှိတော့ ကွေ့ပတ်သွားလာရပါတယ်။
“အရပ်လေးမျက်နှာမှာ အရှေ့ကဝင်ရင် လွတ်တဲ့ သုံးပေါက်က ပြေး၊ ဘယ်လိုမှ ပြေးဖို့အခွင့်မသာရင်တော့ အိမ်ထဲမှာပဲ တံခါးပိတ်၊ အသံတိတ်၊ မီးမှိတ်ပြီးပဲ လူမရှိသလို ပုန်းခိုနေရတယ်။ ကိုယ်ဝန်နဲ့ဆိုတော့ ဘယ်လွယ်မလဲ၊ ထရ ပြုရတာကအစ အကူအညီလိုတယ်။ အခန့်မသင့်ရင်လည်း လွယ်ထားတဲ့ ကလေးကို ထိမိခိုက်မိနိုင်တယ်။ ပျက်ကျပြီလို့တောင် ထင်ရတဲ့ အခြေအနေတွေ အများကြီး ကြုံခဲ့ရပါတယ်” လို့ မခိုင်က ဖြေပါတယ်။
တိုက်ခိုက်မှုတွေ ပြင်းထန်တဲ့ မြန်မာပြည် အထက်ပညာပိုင်းက ရွာတွေ၊ မြို့တွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အင်မတန် အန္တရာယ်များတဲ့ မီးဖွားချိန်တွေနဲ့ မကြာခဏ ရင်ဆိုင်ကြုံတွေ့ရတာပါ။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ နေရပ်စွန့်ခွာရတာ၊ ရှောင်တိမ်းထွက်ပြေးရတာတွေက လက်တွေ့မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေပါတယ်။ ကတုတ်ကျင်းနဲ့ မြေကြီး၊ အထက်နဲ့အောက် ကျဉ်းကျပ်နေတဲ့ နေရာတွေထဲ ကုပ်တွယ်ပုန်းခိုရချိန်တွေ၊ ခြေလျင်ပြေးလွှားရချိန်တွေနဲ့ အာဟာရချို့တဲ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးလိုအပ်ချက်တွေက အဆိုးဆုံးအခြေအနေကို ကြုံနေကြရပါတယ်။
“ကံဆိုးမ သွားရာ မိုးလိုက်ရွာသလိုပဲ၊ လေယာဉ်တွေနဲ့ ကြဲနေပြီဆိုတဲ့ အသံလည်းကြားရော ရှိသမျှ အားအကုန်ထုတ်ပြီး ကတုတ်ကျင်းထဲ ပြေးဝင်၊ ဗိုက်က နာနေပြီ၊ မီးဖွားဖို့ ဘာရှိလဲဆိုတော့လည်း ဘာမှ မရှိ၊ ဆရာဝန်ဆို ဝေးစွ၊ ကလေးမွေးပေးနိုင်တဲ့ လက်သည်တောင် ရွာတွေထဲထိ သွားရှာရမလို၊ သန့်ရှင်းမှု နတ္ထိ၊ မမွေးလို့ကလည်း မရပြန်ဘူးလေ။ လေယာဉ်က ကြဲရင်လည်း မြေကြီးနဲ့ သိပ်ကပ်ပြီး ဝပ်နေရင် အန္တရာယ်ရှိသေးတယ်”လို့ မခိုင် ရှင်းပြပါတယ်။
မခိုင်လို အခြေအနေနဲ့ အလားတူ ကြုံနေရသူ အမျိုးသမီးတွေလည်း အမြောက်အမြားပါပဲ။ အပစ်အခတ်တွေကနေ လွတ်မြောက်နိုင်ဖို့ ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျတာ၊ အာဟာရ ချို့တဲ့တာတွေနဲ့ လုံလုံခြုံခြုံ မီးဖွားခွင့် မရတာတွေက နောက်ဆက်တွဲ ကပ်ပါလာတဲ့ ပြဿနာတွေပါ။ တချို့အခြေအနေတွေမှာ ခက်ခက်ခဲခဲ မွေးဖွားလိုက်နိုင်ပေမဲ့ ထွေးပွေ့ကြည့်ချိန် ရင်သွေးမှာ အသက်မပါလာတော့တာ၊ မွေးဖွားပြီးနောက် လိုအပ်တဲ့ ဆေးဝါးအကူအညီမရလို့ ကလေးရော မိခင်ပါ သေဆုံးသွားရတာတွေက အမြောက်အမြားပါပဲ။ ဒီလိုတွေကြောင့်ပဲ အမျိုးသမီးတွေကို ကြိုးတန်းလမ်းလျှောက်သူတွေအဖြစ် တင်စားပြောနိုင်ပါလိမ့်မယ်။ ဗုံးခိုကျင်းကို ဆေးရုံလုပ်၊ အရက်ပုလင်းကို ပိုးသတ်ဖို့ သုံးရင်း မလုံမခြုံနေရာတွေမှာ မီးဖွားရ၊ တိုက်ပွဲသံ၊ ဗုံးဆန်တွေကြားထဲ အသက်ရှုသံပြင်းပြင်းက အိပ်မက်ဆိုးသဖွယ်ပေါ့။
“မြေကြီးအောက်မှာ အိပ်ရတာတွေ၊ ခြင်ကိုက်တာ၊ ရေကောင်းရေသန့်နဲ့ ရေအလုံအလောက်မရတာ၊ မိုးရာသီဆို မြွေပါးကင်းပါးကြောက်ရ၊ မီးမွှေးမရ အနွေးဓာတ်မရတာ၊ နောက် လေယာဉ်ကြောင့် မီးမထွန်းရဲတာ။ အစုံပါပဲ။ ရှောင်မဲ့နေရာရယ်လို့ ရောက်ရင် ရွာရဲ့ ရှေ့၊ နောက်၊ တောင်၊ မြောက် လေးဘက်စလုံးမှာရှိတဲ့ ဆွေမျိုးအသိ ယာခင်းတဲ၊ ဒါမှမဟုတ် တခြားရွာမှာ လိုအပ်မဲ့ ကလေးနိုမှုန့်ဗူး၊ ကလေး၊ မိခင်၊ သက်ကြီးရွယ်အို အဓိက အာဟာရမပြတ်စေမဲ့ ဖြည့်စွက်စာလေးတွေ ခွဲထားရတယ်။ စောင်၊ ဆေးဝါး အခြေခံလိုအပ်တာတွေရောပါ့” လို့ မခိုင်က သူ့အခက်အခဲတွေကို ပြောပါတယ်။
စစ်အာဏာသိမ်းမှုမဖြစ်ခင် ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်၀န်ဆောင်မိခင် သေဆုံးမှုအရေအတွက်ဟာ အယောက် ၁,၀၀၀ မှာ ၁၇၉ ယောက် ရှိခဲ့တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောနိုင်ငံတွေကို နောက်ထားပြီး အဆင့်နံပါတ် ၅၀ မှာ ရပ်နေခဲ့တာပါ။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကာလတွေမှာတော့ အခြေအနေတွေက အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ စစ်ကောင်စီက သူ့ဘက် မယိမ်းတဲ့ ကျန်းမာရေးလုပ်သားတွေ၊ ဆေးဝါးအကူတွေ၊ ဆရာ၀န်တွေ၊ သူနာပြုတွေကို အဓမ္မ ဖမ်းဆီးတာတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေရဲ့ အကူအညီတွေကို ကြားဖြတ်ပိတ်ချတာတွေ လုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ စစ်ဘေးရှောင် သက်ကြီးရွယ်အိုတွေ၊ လူငယ်တွေ၊ မိသားစုတွေနဲ့ ကိုယ်၀န်ဆောင်မိခင်တွေက လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို မရကြတော့ပါဘူး။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဆွစ်ဇာလန်အခြေစိုက် လူမှုအန္တရာယ် သုံးသပ်ချက်အဖွဲ့ရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ ကျန်းမာရေးလုပ်သားပေါင်း ၈၉၇ ယောက်အထိ အဓမ္မအဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဆိုးရွားတဲ့အခြေအနေမှာရှိနေတဲ့ ကိုယ်၀န်ဆောင်မိခင်နဲ့ မွေးခင်းစကလေးတွေက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှုတွေ ရှိနေတာပါ။ ရုပ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် အစာအာဟာရ လုံလောက်မှု မရှိတာကနေ စရပါမယ်။ တချို့ အခြေအနေတွေမှာ ရေသန့်သောက်နိုင်ဖို့ နေနေသာသာ ဆန်ကြမ်းချည်း စားရတဲ့ အချိန်ရှိပါတယ်။ နောက်ပြီး အမြဲလိုလို သတိကပ်ပြီး ရင်တထိတ်ထိတ်နဲ့ နေနေရတာ ဖြစ်လို့ အိပ်ချိန်လည်း ကောင်းကောင်း မရကြပါဘူး။ ဒီလို လုံလောက်တဲ့ အာဟာရ မရတာ၊ နားချိန်မရတာက ကလေးမွေးလာတဲ့အခါမှာ ကလေးက ပေါင်မပြည့်တာ၊ စောမွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မဟုတ်သေး၊ တွေ့တဲ့၊ ကြုံတဲ့ နေရာမှာ မီးဖွားရတာဖြစ်လို့ ကလေးနဲ့ မိခင်အတွက် ရောဂါပိုးကူးစက်မှုက စိုးရိမ်စရာပါ။ ပြင်းထန်တဲ့ ရောဂါအခြေအနေတွေ ဖြစ်နိုင်ပြီး အခန့်မသင့်ရင် ကလေးရော၊ မိခင်ပါ သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် စိုးရိမ်ရတာက မီးဖွားပြီးချိန်မှာ မိခင်က သွေးထွက်လွန်တာ၊ ခေါင်းမူးတာ၊ မိုက်ခနဲ ဖြစ်တာ၊ စတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် ဆေးဝါးကုသမှုကို ချက်ချင်း ခံယူသင့်တာပါ။ သွေးထွက်လွန်တာ (Postpartum Hemorrhage (PPH)) လို့ ခေါ်တဲ့ ဒီအခြေအနေ ဖြစ်ပြီဆိုရင် အတော်ကို အန္တရာယ်များပြီး မြန်မြန်ဆန်ဆန် ကုသမှု မခံယူရင် အသက်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။
စစ်ဘေးဒဏ်ကို တိုက်ရိုက်ကြုံတွေ့ခံစားရတဲ့ ကိုယ်၀န်ဆောင် အမျိုးသမီးတွေမှာ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာ (Post-Traumatic Stress Disorder – PTSD) ရှိနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့ အချိန်က ဒီရောဂါကို အမြစ်တွယ်ဖို့ လမ်းစပေးလိုက်သလိုပါ။ ၀မ်းနည်းမှု၊ ကူကယ်ရာမဲ့မှုနဲ့ စိတ်ဖိစီးမှုတွေကလဲ စစ်အတွင်းက အမျိုးသမီးတွေရဲ့ စိတ်ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနေပါတယ်။ လူသိများတဲ့ ရောဂါ လက္ခဏာတွေကတော့ စိတ်ဒဏ်ရာတွေကို ပြန်မြင်ယောင်တာ၊ အာရုံစိုက်မှု နည်းလာတာ၊ မလုံမလဲတာနဲ့ ရှက်ရွံ့စိတ်တွေ များလာတာအပြင် ကိုယ့်ကိုယ့်ကိုယ် မကောင်းမြင်တာမျိုးအထိ ဖြစ်လေ့ရှိပါတယ်။ တစ်ခုရှိတာက စိတ်ဒဏ်ရာ ရှိတဲ့သူတိုင်း ဒီရောဂါကြီး ရှိတာမဟုတ် ဆိုတာ သိရပါမယ်။ ဒါပေမဲ့ စစ်မြေပြင်ကိုတော့ ဒီရောဂါကို မျိုးဆက်ဖြန့်နေတဲ့ နေရာတစ်ခုလို့ ပြောရင် မမှားပါဘူး။ အထူးသဖြင့် သွေးနု၊ သားနု၊ ခံစားလွယ်တဲ့ ကိုယ်၀န်ဆောင် အမျိုးသမီးတွေအတွက် ဒီရောဂါက စိုးရိမ်စရာတစ်ခု ဖြစ်လို့နေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လူတွေက ကိုယ်ရွေးချယ်တဲ့ လမ်းကို လျှောက်နေကြဆဲပါ။ ခေတ်အခြေအနေတွေ ဘယ်လောက်ပြောင်းပြောင်း လူတချို့ကတော့ မပြောင်းတဲ့ စိတ်ဓာတ်နဲ့ ရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကိုယ်၀န်ဆောင်အမျိုးသမီးတွေလည်း ပါ၀င်ပါတယ်။
“မိန်းမတစ်ယောက်က လက်ဖက်ရည် အိတ်လေးလိုပဲ၊ ရေနွေးထဲ မထည့်မချင်း ဘယ်လောက်ထိ ပြင်းသလဲ (သန်မာသလဲ) ဆိုတာကို မသိရဘူး”
References:
– https://internationalmedicalcorps.org/story/innocence-and-hope-is-born-sometimes-in-threes/
– https://www.straitstimes.com/asia/se-asia/pregnant-women-in-war-torn-myanmar-face-perilous-childbirth
– https://progressivevoicemyanmar.org/2024/05/11/the-untold-story-of-pregnant-women-in-war-zone-2/
– https://www.mayoclinic.org/diseases-conditions/post-traumatic-stress-disorder/symptoms-causes/syc-20355967
– https://www.pcrf.net/information-you-should-know/post-traumatic-stress-disorder-in-conflict-zones-causes-impact-and-treatment.html#:~:text=Experiences%20such%20as%20witnessing%20violence,zones%2C%20significantly%20increasing%20the%20risk
– https://www.who.int/news-room/commentaries/detail/mental-health-conditions-in-conflict-situations-are-much-more-widespread-than-we-thought#:~:text=The%20uptake%20of%20mental%20health,lead%20to%20the%20identification%20of