ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
ရီးရဲလ်မက်ဒရစ် – အိုဆာဆူနာ (စနေည ၇ နာရီ ၃၀ မိနစ်)
ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲပြန်ရဖို့ အချိန်တန်ပါပြီ။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲလုံး အိမ်ကွင်းဘာနေဗျူးမှာပဲ ဘာစီလိုနာနဲ့ အေစီမီလန်တို့ကို ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒီပွဲမှာ ပေါက်ကွဲပြဖို့ လိုနေပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နည်းပြဘ၀မှာ ဘယ်တုန်းကမှ အိမ်ကွင်းသုံးပွဲဆက် မရှုံးခဲ့ပါဘူး။ အိုဆာဆူနာနဲ့ ထိပ်တိုက်တွေ့ဆုံမှု ငါးကြိမ်မှာလည်း လေးကြိမ်အထိ အနိုင်ရထားတာပါ။ အိုဆာဆူနာက ဒီရာသီမှာ အမှတ်ပေးဇယား အဆင့် ၅ အထိ ရောက်နေတယ်ဆိုပေမဲ့ ဘာနေဗျူးမှာ မက်ဒရစ်ကို ယှဉ်ကစားနိုင်မှာမဟုတ်ပါဘူး။ ရှုံးပွဲတွေကနေ ပြန်လည်ရုန်းထလာမယ့် ရီးရဲလ်တို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရသွားဖို့ ရှိနေပါတယ်။
ခန့်မှန်းချက် – ရီးရဲလ်မက်ဒရစ် ၂-၀ အိုဆာဆူနာ
ဘရိုက်တန် – မန်စီးတီး (တနင်္ဂနွေနံနက် ၁၂ နာရီ)
အိမ်ရှင် ဘရိုက်တန်အသင်းဟာ ခြေစွမ်းမာကျောမှုရှိပေမဲ့ နောက်ဆုံး နှစ်ပွဲဆက်မှာအဖြစ် ကရာဘောင်ဖလားနဲ့ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့ချည်း ကစားခဲ့ရပြီး နှစ်ပွဲလုံးကို ရှုံးနိ့မ်ထားပါတယ်။ ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန်မှာတော့ နှစ်ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး မန်ယူနဲ့စပါးကို အနိုင်၊ အာဆင်နယ်ကို သရေကစားပြထားတဲ့ အသင်းဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒဏ်ရာရကစားသမားတွေ များပြားနေခြင်းနဲ့အတူ ပြိုင်ပွဲစုံမှာ သုံးပွဲဆက်တိုက် အရေးနိမ့်ထားခဲ့ပြီး ဂွာဒီယိုလာအနေနဲ့ ဒီအခြေအနေကို အမြန်ဆုံး ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ပြင်ဆင်ထားမှာသေချာပါတယ်။ ဂွာဒီယိုလာရဲ့အသင်းဟာ နောက်ဆုံး လေးပွဲဆက်တိုက် တိုက်စစ်က တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲ မရှိသေးပါဘူး။ အားထားရတဲ့ ဟာလန်းကလည်း ဂိုးသွင်းခြေပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ ဂွာဒီယိုလာအတွက်တော့ သူ့နည်းပြဘ၀မှာ လေးပွဲဆက် နိုင်ပွဲပျောက်တယ်ဆိုတာ မရှိခဲ့ပါဘူး။ ဘရိုက်တန်ကွင်းဖြစ်ပေမဲ့ မန်စီးတီးအတွက် အနိုင်သုံးမှတ် မဖြစ်မနေ ရယူသွားဖွယ် ရှိနေပါတယ်။
ခန့်မှန်းချက် – ဘရိုက်တန် ၁-၂ မန်စီးတီး
လီဗာပူးလ် – အက်စတွန်ဗီလာ (တနင်္ဂနွေနံနက် ၂ နာရီ ၃၀ မိနစ်)
ဒီရာသီမှာ လီဗာပူးလ်ဟာ အမြင့်ပျံခြေစွမ်းပြသနေပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ အာဆင်နယ်ကို သရေကျခဲ့တာကလွဲရင် ပွဲတိုင်းမှာ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ လေဗာကူဆင်ကို လေးဂိုးပြတ်အနိုင်ယူထားတာပါ။ ဗီလာကတော့ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ကာ သုံးပွဲဆက်ရှုံးနိမ့်ထားခဲ့ပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ လိုအပ်နေပြီဆိုပေမဲ့ အန်ဖီးလ်မှာတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ အာနေးစလော့ရဲ့ လက်အောက်မှာ ရစ်သမ်မိနေတဲ့ လီဗာပူးလ်တို့ နိုင်ပွဲဆက်ဦးမှာပါ။
ခန့်မှန်းချက် – လီဗာပူးလ် ၂-၀ အက်စတွန်ဗီလာ
မန်ယူ – လက်စတာ (တနင်္ဂနွေည ၈ နာရီ ၃၀ မိနစ်)
ဒီပွဲမှာ မန်ယူအသင်းရဲ့ ယာယီနည်းပြ နစ္စတယ်ရွိုင်း နောက်ဆုံးကိုင်တွယ်ရမယ့်ပွဲပါ။ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီးနောက်မှာ ပုံစံကောင်းရနေပြီး ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းရဲ့ လက်ထက် ပထမဆုံးပွဲအဖြစ် ကရာဘောင်ဖလားမှာ လက်စတာနဲ့ ရင်ဆိုင်ခဲ့ရပြီး ငါးဂိုးအထိ သွင်းနိုင်ခဲ့တာပါ။
အခုလည်း နောက်ဆုံးပွဲမှာ လက်စတာနဲ့ပဲ ရင်ဆိုင်ရဖို့ ဖြစ်လာပါတယ်။ ကစားသမားတွေကလည်း စိတ်သစ်လူသစ်နဲ့ အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့ ကြိုးစားနေကြသူတွေဖြစ်လို့ ဒီပွဲမှာလည်း နစ္စတယ်ရွိုင်းအတွက် လက်ဆောင် သုံးမှတ်ပေးနိုင်ဖို့ လက်စတာကို အနိုင်ယူဦးမှာပါ။ လက်စတာက နောက်ဆုံး သုံးပွဲမှာ ကိုးဂိုးအထိ ပေးထားရတဲ့အထိ ခံစစ်ပိုင်းက ယိုယွင်းနေတာကြောင့် အိုးထရက်ဖိုဒ့်မှာ အမှတ်ခွဲယူနိုင်ဖို့ မလွယ်ပါဘူး။ မန်ယူတို့ နိုင်ပွဲရသွားဦးမှာပါ။
ခန့်မှန်းချက် – မန်ယူ ၃-၁ လက်စတာ
ချဲလ်ဆီး – အာဆင်နယ် (တနင်္ဂနွေည ၁၁ နာရီ)
ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ပါ။ အန်ဇို မာရက်စ်ကာ လက်ထက်မှာ ခြေစွမ်းကောင်းတွေရရှိလာတဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန်မှာ အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အာဆင်နယ်ရဲ့အထက် အဆင့် ၄ မှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲမှာ နယူးကာဆယ်ကို ရှုံးပြီး မန်ယူကို သရေကျခဲ့ပေမဲ့ ယူရိုပါလိဂ်မှာတော့ ရှစ်ဂိုးပြတ်သွင်းပြီး တိုက်စစ်အစွမ်းပြထားတာပါတယ်။
အာဆင်နယ်ကတော့ နှစ်ပွဲဆက် ရှုံးပွဲကြုံထားပြီး တိုက်စစ်ကလည်း ဂိုးလုံး၀မသွင်းနိုင်ခဲ့ပါဘူး။ အာတီတာအနေနဲ့ တိုက်စစ်ပြဿနာကို အရေးပေါ် ဖြေရှင်းနိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်လာမလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း စတမ်းဖိုဒ့်ဘရစ်ချ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ချဲလ်ဆီးဟာ ခြေစွမ်းတိုးတက်လာတယ်ဆိုပေမဲ့ အာဆင်နယ်ကို အနိုင်ယူဖို့ မလွယ်သေးပါဘူး။ အပြန်အလှန်ရုန်းကန်ရင်း သရေကို ဦးတည်သွားဖွယ်ရှိနေပါတယ်။
ခန့်မှန်းချက် – ချဲလ်ဆီး ၁-၁ အာဆင်နယ်