ကျောက်ပန်းတောင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် သန်းခေါင်စာရင်း လိုက်မကောက်ရဲဘဲ ပညာရေးဝန်ထမ်းတွေကိုသာ လွှတ်နေ

Published on Oct 09, 2024

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့မှာ  သန်းခေါင်စာရင်း ကောက်ဖို့အတွက် လုံခြုံရေးအကြောင်းပြချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် လိုက်ပါဆောင်ရွက်တာတွေ မရှိဘဲ ပညာရေးဝန်ထမ်းတွေကိုသာ မြေပြင်မှာ လိုက်ကောက်ခိုင်းနေတယ်လို့  ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဉ်ကို‌ အောက်တိုဘာလ ၁ ရက်နေ့ကနေ စတင်ခဲ့ပါတယ်။ ကျောက်ပန်းတောင်းမြို့မှာတော့ မြို့ပေါ်နဲ့  ရပ်ကွက်တွေမှာ ကောက်ခံနေပါတယ်။ အဲ့ဒီလို ကောက်ခံနေတဲ့ နေရာမှာ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကသာ အလုံးစုံ ဦးဆောင် လုပ်ကိုင်နေရတယ်လို့ ကျောက်ပန်းတောင်းဒေသခံ အမျိုးသားတစ်ဦးက CJ Patform ကို ပြောပါတယ်။

 

“မြို့ပေါ်တော့ ကောက်သွားပြီ။ ကောက်ကွက် သုံးကွက်ကိုမှ ဆရာမ တစ်ယောက်ပဲ ပေးတာ။ ဘယ်အဖော်မှ ထည့်မပေးဘူး။ ရပ်ကွက်လူကြီး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကလည်း လိုက်မပို့ရဲကြဘူး။ ရပ်ကွက်လူကြီးတွေကလည်း တာဝန်မယူနိုင်ဘူးလို့ ပြောတာ” လို့ ၎င်းက ရှင်းပြပါတယ်။

 

သန်းခေါင်စာရင်းကောက်ရာမှာ မေးမြန်းရမယ့် မေးခွန်း ၆၈ ခုရှိပေမဲ့ လာရောက်ကောက်ယူတဲ့ ပညာရေးဝန်ထမ်းတွေဟာ လုံခြုံရေး စိုးရိမ်ချက်တွေ ရှိနေရတဲ့အတွက် အတိုချုံးပဲ ကောက်ယူသွားတယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

 

“ကြားထဲက ဆရာမတွေမှာတော့ မလုပ်မဖြစ်မို့သာ လုပ်နေကြရတာ။ သူတို့လည်း ခပ်ကြောက်ကြောက်ပဲ။ အိမ်ထဲထိ ဝင်မကောက်ရဲဘူး။ အိမ်ပြင်ကနေ စာအုပ်နဲ့ အကျဉ်းချုပ် ကောက်သွားတာ။ တကယ်က တစ်ခါတည်း tablet ထဲ စာရင်းသွင်းရမှာ။ အဲ့ဒီလိုဆို အချိန်ကြာတော့ စာအုပ်ထဲပဲ ရေးမှတ်သွားတာ”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

 

သန်းခေါင်စာရင်းကောက်ရာမှာ ပါဝင်တဲ့ ဆရာ/ဆရာမတွေဟာ အကြောက်တရားနဲ့ လုပ်ဆောင်နေရတာ ဖြစ်သလို အဲဒီလို လုပ်ငန်းစဉ်တွေမှာ ရပ်ကွက်လူကြီးနဲ့ မြို့နယ်လူကြီးတွေ မပါဝင်ဘဲ သူတို့ချည်း လုပ်ဆောင်နေရတဲ့အတွက် ဒေသခံတွေက ဝေဖန်နေကြပါတယ်။ အဲ့ဒီလို အခြေအနေတွေကြောင့် သန်းခေါင်စာရင်းဟာ အကြမ်းဖျင်း ကောက်ယူတဲ့ ပုံစံဖြစ်နေပြီး မထိရောက်ဘူးလို့လည်း ဒေသခံတွေက ထပ်မံ သုံးသပ်ကြပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ သူတို့ ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီတိုင်းက ငါးသိုင်းချောင်း၊ ညောင်တုန်းနဲ့ ပုသိမ်မြို့တွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူတဲ့နေရာမှာ စစ်ကြောရေး ရောက်နေသလို ခရေစေ့တွင်းကျ မေးမြန်းတာတွေ လုပ်ကြတယ်လို့ အဲ့ဒီက ဒေသခံတွေက ဆိုပါတယ်။

 

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ မေးခွန်း (၄၁) ခုသာရှိပြီး ၂၀၂၄ ခုနှစ် စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရာမှာ မေးခွန်းပေါင်း ၆၈ ခုအထိ ရှိလာတာကြောင့် မေးခွန်း ၂၇ ခု တိုးလာတာ ဖြစ်ပါတယ်။ ထပ်တိုးမေးခွန်းတွေဟာ ပုဂ္ဂိုလ်ရေးဆန်တဲ့ မေးခွန်းတွေ ဖြစ်နေလို့ ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ များပြားနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – သန်းခေါင်စာရင်းကောက်ယူနေပုံ