ဂျပန်မှာ နှစ် ၅၀ နီးပါးဖမ်းဆီးထောင်ချခံထားရသူ အသက် ၈၈ နှစ်အရွယ်ကျမှ အပြစ်မရှိဆိုပြီးပြန်လွတ်လာ

Author အဂ္ဂ
Categories
Published on Oct 09, 2024

ဂျပန်နိုင်ငံမှာ သေဒဏ်ချခံထားရသူ ဂျပန်နိုင်ငံသားကြီးတစ်ဦးဟာ နှစ်ပေါင်း ၅၀ နီးပါးဖမ်းဆီးထောင်ချခံသလို ဆယ်နှစ်ကြာ ပြင်ပက အမှုရင်ဆိုင်ခဲ့ရပြီးနောက် ဒီနှစ် စက်တင်ဘာ ၂၆ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

 

အသက် (၈၈) နှစ်အရွယ် အီဝါအို ဟာကာမာတာဟာ ၁၉၆၆ ခုနှစ်တုန်းက လေးလောင်းပြိုင် လူသတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အမှုကို ပြန်လည်စစ်ဆေးခဲ့တာပါ။

 

ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့မှာတော့ အစိုးရရှေ့နေတွေဘက်က အယူခံမဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတာကြောင့် ဒီအမှုဟာ အပြီးသတ်သွားပြီဖြစ်တဲ့အကြောင်း ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ တရားရေးတိုက်ပွဲ အဆုံးသတ်စေမယ့် ဆုံးဖြတ်ချက်ကို ကြေညာရာမှာ အစိုးရ ရှေ့နေချုပ် နာအိုမီ အူနီမိုတိုက “တည်ငြိမ်မှုမရှိတဲ့ တရားရေးရာ အခြေအနေမှာ အချိန်အကြာကြီး ထားရှိခဲ့မိတဲ့အတွက်” တောင်းပန်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ရှီဇူအိုကာ ခရိုင်တရားရုံးက ပြန်လည်စစ်ဆေးခဲ့တဲ့ မစ္စတာ ဟာကာမာတာရဲ့ အမှုဟာ စစ်ပြီးခေတ် ဂျပန်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရပြီးနောက် အမှုပြန်လည်စစ်ဆေးခဲ့ခြင်းကြောင့် အပြစ်ကင်းကြောင်း ဆုံးဖြတ်ခံခဲ့ရတဲ့ ပဉ္စမမြောက် အမှုဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရှေ့က အလားတူ အမှုလေးမှုဟာလည်း အစိုးရရှေ့နေတွေက အယူခံဝင်တာမျိုး မလုပ်တော့တဲ့အတွက် အပြစ်ကင်းကြောင်းဆုံးဖြတ်ချက် အတည်ဖြစ်ခဲ့တာပါ။

 

မစ္စတာဟာကာမာတာဟာ ၁၉၆၆ ခုနှစ်မှာ သူအလုပ်လုပ်ကိုင်နေတဲ့ မီဆို(Miso) ထုတ်လုပ်တဲ့ ကုမ္ပဏီက အမှုဆောင်ဒါရိုက်တာ၊ သူ့ရဲ့ ဇနီးနဲ့ ကလေးငယ်နှစ်ဦးတို့ကို တပြိုင်တည်း သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲဖမ်းဆီးထောင်ချခံခဲ့ရတာပါ။

 

အဆိုပါမိသားစုရဲ့ ရုပ်အလောင်းတွေကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးအနေအထားနဲ့ မီးရှို့ထားတဲ့ သူတို့နေအိမ်ထဲမှာ တွေ့ရှိခဲ့တာကြောင့် သူ့ကို လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှုတို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။

 

အရင်က ကြေးစားလက်ဝှေ့သမားဖြစ်ခဲ့ဖူးတဲ့ မစ္စတာဟာကာမာဟာ သူ့ကို စုံစမ်းစစ်ဆေးနေစဉ်ကာလ အစောပိုင်းမှာ လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမဲ့ တရားခွင်မှာတော့ အပြစ်မရှိဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

 

လူသတ်မှုဖြစ်ပြီး ၁၄ လအကြာမှာ မီဆိုကန်ထဲမှာတွေ့ခဲ့ရတဲ့ အဓိက သက်သေခံပစ္စည်းတွေထဲက အဝတ်အထည်ငါးခုပေါ်စွန်းနေတဲ့ သွေးတွေဟာ အသတ်ခံရသူတွေနဲ့ သူ့ရဲ့ သွေးအုပ်စုတွေနဲ့ ကိုက်ညီတယ်ဆိုပြီး သေဒဏ်ချမှတ်ခံခဲ့ရတာပါ။

 

၂၀၁၄ ခုနှစ်မှာတော့ သက်သေအထောက်အထားအသစ်တွေ တွေ့ရှိခဲ့တာကြောင့် ထောင်ထဲကနေ လွတ်မြောက်ခဲ့ပေမဲ့ အမှုဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အမှုကို ပြန်လည်စစ်ဆေးမှု စချိန်ကတည်းက ထောင်သွင်းအကျဉ်းချထားမှုကြောင့် စိတ်ပိုင်းဆိုင်ရာအခြေအနေ ယိုယွင်းနေတဲ့ သူ့ကိုယ်စား အသက် ၉၁ နှစ်အရွယ် အစ်မဖြစ်သူ မစ္စ ဟီဒီကိုက တရားဆက်လက် ရင်ဆိုင်ခဲ့ပါတယ်။

 

စက်တင်ဘာ ၂၆ ရက်နေ့ တရားရုံးဆုံးဖြတ်ချက်မှာတော့ အမှုကို စုံစမ်းစစ်ဆေးသူတွေဟာ အဓိက သက်သေခံပစ္စည်းဖြစ်တဲ့ အဝတ်အထည်ငါးခုအပါအဝင် သက်သေခံပစ္စည်းတွေဟာ တရားခွင်မှာ အသုံးပြုဖို့ လုပ်ကြံဖန်တီးထားကြောင်း၊ စစ်ဆေးစဉ်မှာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကို အတင်းအကျပ် နှိပ်စက်စစ်ဆေးတာကြောင့် အတင်းအကျပ်ဝန်ခံထွက်ဆိုခဲ့ရကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

 

တရားလို အစိုးရရှေ့နေချုပ် အူနီမိုတိုက သက်သေခံပစ္စည်းတွေကို တမင်ဖန်တီးထားတယ်ဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အယူခံမဝင်တော့ဘဲ အမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ မစ္စတာ ဟာကာမာတာကို တည်ငြိမ်မှုမရှိတဲ့ တရားရေးရာ အခြေအနေအောက်မှာ ဆက်မထားချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မစ္စတာ ဟာကာမာတာရဲ့ အစ်မက “အမှုက ပိတ်သိမ်းသွားပါပြီ” လို့ ပြောခဲ့သလို နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ တရားရေးရာတိုက်ပွဲကြီး ပြီးဆုံးသွားတဲ့အတွက်လည်း ကျေနပ်မိတယ်လို့ ဆိုပါတယ်။

 

အသတ်ခံလိုက်ရတဲ့ စုံတွဲရဲ့ မြေးဖြစ်သူ အမျိုးသားတစ်ဦးကတော့ “အစိုးရရှေ့နေတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိပါဘူး” လို့မှတ်ချက်ပေးခဲ့ပါတယ်။

 

 

 

ဓာတ်ပုံ- Kyodo

 

ပုံစာ- (ဦးထုပ်အစိမ်း ဆောင်းထားတဲ့)မစ္စတာ ဟာကာမာတာတစ်ယောက် အကူဖြစ်သူနဲ့အတူ နေ့စဉ်လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်နေတာကို အောက်တိုဘာ ၈ ရက်နေ့က တွေ့ရစဉ်

 

ကိုးကား – Kyodo News