ရမ်းဗြဲ လေကြောင်းဗုံးကြဲခံရလို့ လူ ၄၀ ကျော်သေဆုံးတဲ့အပြင် ၅၀ ခန့် ဒဏ်ရာရ နေအိမ် ၅၀၀ ထက်မနည်း မီးလောင်ပျက်စီး

Author သုတ
Categories
Published on Jan 09, 2025

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့အတွက် လူပေါင်း ၄၀ ကျော် သေဆုံးတဲ့အပြင် နောက်ထပ် ၅၀ ဦးခန့်ဒဏ်ရာရတယ်လို့ AA နဲ့ နီးစပ်သူဆီက သိရပါတယ်။

 

ဂျက်ဖိုက်တာနဲ့ ဗုံးအလုံးရေများစွာကြဲချခဲ့တာကြောင့် ကျောက်နီမော်တိုက်နယ်အတွင်းရှိ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၅၀၀ ထက်မနည်းလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ဗုံးကြဲသွားတာဟုတ်တယ်။ လူသေဆုံးမှုများတယ်။ အိမ်လည်း ၅၀၀ ကျော် မီးထဲပါသွားတယ်သိရတယ်” လို့ AA နဲ့ နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေကို အသုံးပြုပြီး ကြဲချခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုများပြားခဲ့တာလို့ သူက ဆက်ပြောပါတယ်။

 

အဲဒီက လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒေသခံ ၄၁ ဦး သေဆုံးပြီး မိန်းကလေးနဲ့ ကလေးငယ်တွေအပါအဝင် ဒဏ်ရာရရှိသူ ၅၂ ဦးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

ရခိုင်ပြည်က မြို့သိမ်းတိုက်ပွဲတွေအတွင်း ရမ်းဗြဲမြို့ဟာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်တဲ့ မြို့တစ်ခုဖြစ်ပါတယ်။

 

ဓာတ်ပုံ – APM

 

ပုံစာ – ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီ ၈ ရက်နေ့က ရဗ်းဗြဲမြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်