မြန်မာနိုင်ငံက နျူးကလီးယားကုန်ကြမ်း ကုန်ကူးခဲ့မှုအတွက် အပြစ်ရှိတယ်လို့ ယာကူဇာဂိုဏ်းခေါင်းဆောင်ထွက်ဆို
အမေရိကန်ပြည်ထောင်စုမှာ ဖမ်းဆီးခံထားရပြီး မြန်မာနိုင်ငံက နျူးကလီးယားကုန်ကြမ်းတွေ ရောင်းဝယ်ဖောက်ကားခဲ့မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ဟာ ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ အပြစ်ရှိကြောင်းထွက်ဆိုခဲ့တယ်လို့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အသက် ၆၀ အရွယ် ဂျပန်နိုင်ငံသား တာခဲရှိအီဘီဆာဝါ (Takeshi Ebisawa) ဟာ မြန်မာနိုင်ငံက လက်နက်အဆင့်ရှိတဲ့ ပလူတိုနီယမ်နဲ့ ယူရေနီယံအပါအဝင် နျူးကလီးယားကုန်ကြမ်းတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီး တ ခြားနိုင်ငံတွေကို ကုန်ကူးခဲ့မှုမှာ အပြစ်ရှိကြောင်းနယူးယောက်က မန်ဟန်တက် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။
ဒါ့အပြင် အီဘီဆာဝါဟာ နိုင်ငံတကာကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်နက်ကုန်သွယ်မှုတွေမှာလည်း အပြစ်ရှိတယ်လို့ ထွက်ဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထပ်ပြီးဖော်ပြထားပါတယ်။
အီဆာဝါကို အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အီရန်ရဲ့ နျူးကလီးယားလက်နက်တွေမှာ အသုံးပြုဖို့အတွက်လို့ ယူဆရတဲ့ မြန်မာနိုင်ငံက နျူးကလီးယားကုန်ကြမ်းတွေကို သယ်ဆောင်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒါ့ပြင် သူ့ကို ၂၀၂၂ ခုနှစ်မှာလည်း နိုင်ငံတကာကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်နက်ကုန်သွယ်မှုစတဲ့ ရာဇဝတ်မှုတွေနဲ့လည်း တရားစွဲထားပါတယ်။
“ဒီကနေ့ ဖက်ဒရယ်တရားရုံးမှာ သူ့ဝန်ခံထွက်ဆိုချက်အရ တာခဲရှိအီဘီဆာဝါဟာ မြန်မာနိုင်ငံက လက်နက်အဆင့်ရှိတဲ့ ပလူတိုနီယမ်အပါအဝင် နျူးကလီးယားကုန်ကြမ်းပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်းပဲ ရောင်းတယ်ဖောက်ကားခဲ့တာကို တွေ့ရပါတယ်” လို့ နယူးယောက်တောင်ပိုင်းခရိုင်က ယာယီ အစိုးရရှေ့နေ့ အက်ဝဒ်ကင်မ်က ပြောပါတယ်။
“တစ်ချိန်တည်းမှာပဲ သူဟာ မြန်မာက စစ်မြေပြင်တွေမှာ အသုံးပြုမယ့် မြေပြင်ကနေဝေဟင်ပစ် ဒုံးကျည်တွေလိုမျိုး လက်နက်အကြီးစားတွေကို ဘိန်းဖြူတို့ မက်သာဖက်တမင်း အများအပြားနဲ့ လဲလှယ်ပြီး အမေရိကန်ကို ပို့ဖို့လုပ်ခဲ့သလို နယူးယောက်ကနေ တိုကျိုအထိ မူးယစ်ဆေးဝါးရောင်းပြီးရလာတဲ့ ငွေတွေလို့ ယုံကြည်ရတဲ့ ငွေမည်းတွေကိုလည်း ငွေကြေးခဝါချဖို့လည်း လုပ်ဆောင်ခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အီဘီဆာဝါရဲ့ လျှို့ဝှက်ကြံစည်မှုတွေကို အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံရဲ့ အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခြေရာခံနိုင်ခဲ့ပြီး သူ့ကို ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Reuters
ပုံစာ- ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ဂိုဒေါင်တစ်ခုမှာ အသွင်ယူထားတဲ့ ဒိန်းမတ်ရဲတွေနဲ့ တွေ့ဆုံခဲ့စဉ်က ဒုံးပျံလောင်ချာကို ကိုင်ဆောင်ပြသနေတဲ့ အီဘီဆာဝါကို တွေ့မြင်ရစဉ်
(ပုံအဟောင်း)
ကိုးကား- Reuters