ကြာသပတေးနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု

Author CJ Platform
Categories
Published on Jan 09, 2025

အင်ဒိုနီးရှားအသင်းရဲ့ နည်းပြချုပ်ဖြစ်လာတဲ့ ပက်ထရစ် ကလွိုက်ဗတ်

 

အင်ဒိုနီးရှားအသင်းဟာ ဘာစီလိုနာအသင်းနဲ့ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပက်ထရစ် ကလွိုက်ဗတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလွိုက်ဗတ်ဟာ တောင်ကိုရီးယားလူမျိုးနည်းပြ ရှင်တေးယောင်ရဲ့နေရာမှာ အစားဝင်ခဲ့ရတာဖြစ်ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အင်ဒိုနီးရှားအသင်းရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။ ဖီဖာအဆင့် သတ်မှတ်ချက် အဆင့် ၁၂၇ မှာ ရှိနေတဲ့ အင်ဒိုနီးရှားအသင်းဟာ ၁၀ ပွဲကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအတွင်း ခြောက်ပွဲကစားပြီး အဆင့် သုံးနေရာမှာ ရပ်တည်နေပါတယ်။ ကလွိုက်ဗတ်ဟာ တူရကီကလပ် အဒါနာ ဒီမီရာစပေါ်ကို ငါးလကြာ တာဝန်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ အသင်းလက်မဲ့ဖြစ်နေတာပါ။ သူဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ လူးဝစ်ဗန်ဟားလ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။

*************************************

၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ်နည်းပြရာထူးကနေ နုတ်ထွက်မယ့် ဒက်စ်ချမ့်

 

ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကတော့ လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ နည်းပြရာထူးကနေ နုတ်ထွက်တော့မယ်လို့ အတည်ပြုထားပါတယ်။ လက်ရှိအချိန်မှာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒက်စ်ချမ့်ဟာ ပြင်သစ်အသင်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြင်သစ်သမိုင်းမှာ သက်တမ်းအရှည်ဆုံး နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ထားတာပါ။ ဒက်စ်ချမ့်ဟာ ပြင်သစ်အသင်းကို ၂၀၁၆ ယူရိုပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့မှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာတော့ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒက်စ်ချမ့်ဟာ ကစားသမားဘ၀မှာလည်း ပြင်သစ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲအောင် ဦးဆောင်ပေးခဲ့ပါတယ်။

*************************************

ဂျူလန် လိုပက်တီဂူကို ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို နည်းပြအဖြစ် ခန့်အပ်မယ့် ဝက်စ်ဟမ်း

 

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ စပိန်လူမျိုးနည်းပြ ဂျူလီယန် လိုပက်တီဂူကို ထုတ်ပယ်ကြောင်း တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၅၈ နှစ်အရွယ် စပိန်လက်ရွေးစင်နဲ့ ရီးရဲလ်နည်းပြဟောင်း လိုပက်တီဂူဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတစ်ရက်နေ့ကမှ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် ၂၀ အပြီး ခြောက်ပွဲသာအနိုင်ရကာ အဆင့် ၁၄ အထိ ရောက်ရှိနေခဲ့တာကြောင့် အသင်းရဲ့ ရည်မှန်းချက်တွေနဲ့ မကိုက်ညီတဲ့အတွက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ အသင်းဘက်က ထုတ်ပြန်ထားပါတယ်။ သူ့ရဲ့နေရာမှာတော့ ဘရိုက်တန်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

*************************************

ဖရန့်ဖတ်တိုက်စစ်မှူး အိုမာ မာမွတ်ချ်ကို ခေါ်ယူနိုင်ိဖု့ ညှိနှိုင်းမှုတွေလုပ်ဆောင်နေတဲ့ မန်စီးတီး

 

မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး အိုမာ မာမွတ်ချ်ကို ခေါ်ယူနိုင်ရေးအတွက် သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းနေတယ်လို့ ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မာမွတ်ချ်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၁၅ ပွဲကစားပြီးချိန်မှာ ၁၃ ဂိုးသွင်း၊ ဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ကာ သွင်းဂိုး ၂၀ နဲ့ တိုက်ရိုက်ပတ်သက်ထားနိုင်လို့ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှု ခံနေရသူလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ မာမွတ်ချ်အတွက် ပေါင်သန်း ၅၀ အထိ ပေးဖို့ ဆုံးဖြတ်ထားပြီး ဖရန့်ဖတ်ဘက်ကတော့ ရောင်းထုတ်ဖို့ ဆန္ဒမရှိသေးတာကြောင့် ညှိနှိုင်းမှုတွေ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

*************************************

ကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေ စောင့်မျှော်နေတဲ့ မန်ယူ

 

မန်ယူအသင်းဟာ ဇန်နဝါရီစျေးကွက် စတင်နေပြီဖြစ်လို့ အသင်းမှာ အနာဂတ်ကုန်ဆုံးနေပြီဖြစ်တဲ့ ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး အဲဒီကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေ စောင့်မျှော်နေတယ်လို့ Daily Mail က ဆိုပါတယ်။ မန်ယူအသင်းဟာ ရက်ချ်ဖိုဒ့်၊ ကတ်စ်မဲရိုးနဲ့ အန်တိုနီအပါအဝင် ဇက်ခ်ဇီးနဲ့ ဂါနာချိုတို့လို ကစားသမားတွေလည်း အသင်းက ထွက်ခွာနိုင်ချေရှိနေတာပါ။ ကတ်စ်မဲရိုးဟာ တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀၊ ရက်ချ်ဖိုဒ့်က တစ်ပတ်လုပ်ခ ပေါင် ၃၁၅,၀၀၀ နဲ့ အန်တိုနီက တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ အထိ ရရှိနေကြတာပါ။ ကတ်စ်မဲရိုးကို သူ့အသင်းဖော်ဟောင်း ရော်နယ်ဒိုရှိနေတဲ့ အယ်လ်နာဆာက စိတ်ဝင်စားနေပြီး အန်တိုနီကိုတော့ အိုလံပီယာကိုစ့်နဲ့ ရီးရဲလ်ဘက်တစ်တို့က အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ရက်ချ်ဖိုဒ့်ရဲ့ အေးဂျင့်ကတော့ အေစီမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အီတလီနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Goal, Twitter