ငါးရက်ဆက်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် မြိုင်၊ ကိုင်းတောမရဲစခန်းက စစ်သားနဲ့ ရဲအားလုံး စခန်းစွန့်ခွာထွက်ပြေး

Author မင်းထက်
Categories
Published on Aug 08, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာရှိ ကိုင်းတောမရဲစခန်းနဲ့ ရဲကင်းစခန်းတို့ကို ဩဂုတ် ၃ ရက်မှ ၇ ရက်နေ့အထိ တော်လှန်ရေးတပ်ပေါင်းစုက ငါးရက်ဆက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုထံမှ သိရပါတယ်။

 

အဲဒီနောက် ဩဂုတ် ၇ ရက် မနက်ပိုင်းမှာပဲ အဲဒီစခန်းက စစ်သားနဲ့ ရဲ ရာချီဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Earthquake People`s Defence Force တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“မနက် ၁၀ နာရီအချိန်မှာ အပြီးသတ် သိမ်းနိုင်တာပါ။ မနေ့ ၆ နာရီလောက်က လေယာဥ်နဲ့ လာပစ်တယ်ဗျ။ ကျန်တာတော့ မြေပြင်အခြေအနေအရ ပြောပြလို့မကောင်းသေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

သြဂုတ်လ ၃ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ပေါင်းစုအင်အား ၂၀၀ ကျော်ဟာ ကိုင်းတောမကျေးရွာက ရေစက်တွင်းစောင့်စခန်းနဲ့ ကိုင်းတောမနယ်မြေရဲစခန်းတို့ကို စတင်တိုက်ခိုက်ခဲ့ကြပါတယ်။

 

အဲဒီနေ့မှာ ရေစက်တွင်းစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကိုင်းတောမရဲစခန်းကို ထပ်မံတိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူရောက်လာလို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာခဲ့ကြပါတယ်။

 

အဲဒီနောက် ဩဂုတ် ၄ ရက်နေ့မှာ ကိုင်းတောမရဲစခန်းနဲ့ ရဲကင်းစခန်းတို့ကို စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေ စခန်းမှထွက်မပြေးခင် သြဂုတ် ၇ ရက် မနက် ၄ နာရီခန့်အထိပိတ်ဆို့ထားခဲ့စဉ် နှစ်ဖက်ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြေပြင်ရဲဘော်များက ပြောပါတယ်။

 

ဩဂုတ် ၃ ရက် စက်ရေတွင်းစောင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးတဲ့အပြင် ခုနစ်ဦးဒဏ်ရာရခဲ့သလို လက်နက်ကြီးခဲယမ်းတချို့ ရရှိခဲ့ပါတယ်။

 

အဲဒီနောက် ဩဂုတ်လ ၄ ရက်၊ ၅ ရက်နေ့တွေမှာလည်း ကိုင်းတောမရဲစခန်းနဲ့ ရဲကင်းတို့ကို ဆက်လက်ဖိအားပေးတိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့မှာတော့ သရက်ကန်က တက်လာတဲ့ ရိက္ခာပို့စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ယမန်နေ့ သြဂုတ်လ ၇ ရက်မှာတော့ တော်လှန်ရေးတပ်တွေက အဲဒီရဲစခန်းကို အပြီးသတ် ဝင်ရောက်စီးနင်းနိုင်ခဲ့ကြပြီး စခန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အလံတော်ကို စိုက်ထူနိုင်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

 

ဩဂုတ် ၇ ရက်တိုက်ပွဲအတွင်း ရဲဘော်တချို့ ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သုံးပစ္စည်းတချို့ ရရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထံမှ သိရပါတယ်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို Earthquake People`s Defence Force၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)-(အမှတ် ၈၁၅) တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ Lighting Drone Force ၊ ပခုက္ကူစုဖွဲ့မှု(YoungForce, PPDF, ThuRain, Hunter Pakokku, Earthquake)၊ အညာမြေတပ်ပေါင်းစုနဲ့ မြိုင်ပကဖ၊ မြိုင်စုဖွဲ့မှုတပ်ရင်း၊ မြိုင်ပကဖ တပ်ရင်း(၁)တပ်ခွဲ(၄) စက်ြာအဖွဲ့၊ ပေါက်ပလဖ၊ Justice Revolution Force တို့က ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပါတယ်။

 

မြိုင်မြို့နယ်တဝိုက် စခန်းသိမ်းတိုက်ပွဲတွေကြောင့် သြဂုတ်လဆန်းပိုင်းအတွင်း တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတွေအကြား နေ့စဥ်နီးပါးတိုက်ပွဲတွေပြင်းထန်ခဲ့ကြပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူမှုတွေဟာ တိုက်ပွဲတွင်းသာမက ဒေသခံတွေနေထိုင်ရာ ကျေးရွာတွေထဲ ရည်ရွယ်ချက်ရှိရှိ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ဒါကြောင့် မြိုင် ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာရှောင်တိမ်းနေကြရသလို ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ -Earthquake People’s Defence Force

 

Related News

Depend on news