ရွေးကောက်ပွဲကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင်လုပ်ဆောင်နေလို့ စစ်ကောင်စီ ရွေး/ကော်ဥက္ကဋ္ဌဆို

Author ကိုထားဝယ်
Categories
Published on Jul 08, 2024

လာမယ့် ၂၀၂၅ ခုနှစ်ထဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြောထားတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်ပါတယ်။

 

၎င်းက မနေ့ ဇူလိုင် ၇ ရက်က‌ နေပြည်တော်မှာ စတင်ကျင်းပတဲ့ မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(စတုတ္ထအကြိမ်)မှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်များကို ယခုထက် အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင် ဆောင်ရွက်ထားဖို့မှာကြားလိုတယ်” လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအကောင်အထည်ဖော်ပေးနေတဲ့ ရွေး/ကော် ခေါင်းဆောင်က ပြောပါတယ်။

 

စစ်ကောင်စီ ကော်မရှင်အနေနဲ့ ပြည်သူများပေးတဲ့မဲဖြင့် NLD အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်က မဲစာရင်းမှားတယ်လို့ စွပ်စွဲအာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်ကို စစ်ဆေးခဲ့ပြီးနောက် မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တယ်လို့ သာသနာရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ရွေးကောက်ပွဲကြိုလုပ်ငန်းများကို လုပ်ဆောင်နေတဲ့အပြင် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ/နည်းဥပဒေများထုတ်ပြန်နိုင်ရေးတို့ကို လုပ်ဆောင်နေတယ်လို့ ဦးကိုကိုက ပြောပါတယ်။

 

စစ်ကောင်စီ ရွေး/ကော်က ကျင်းပတဲ့ မဲစာရင်းမှန်ကန်ရေးဆွေးနွေးပွဲ လေးကြိမ်မှာ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်ရွေး/ကော်အဖွဲ့ခွဲများမှ ဝန်ထမ်းနဲ့ တက်ရောက်သူ ၇၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

 

စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၅ ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပမယ်လို့ မန္တလေးတိုင်း၊ တပ်မြို့ မိတ္ထီလာက စစ်သားတွေနဲ့တွေဆုံခဲ့ချိန် ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ထုတ်ပြောခဲ့ပေမဲ့ အချိန်အတိအကျကိုတော့ ပြောတာမျိုးမရှိသေးပါဘူး။

 

ဒါ့ကြောင့် စစ်ခေါင်းဆောင်နှစ်ဦးဟာ သူတို့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အကြောင်း နိုင်ငံတကာက တွေ့ဆုံခွင့်ရသူတိုင်းကို လိုက်လံပြောပြနေပြီး စစ်ကောင်စီလက်အောက်ခံတွေဟာလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး အပြင်းအထန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

 

မနေ့က တရုတ်ရောက်နေတဲ့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း တရုတ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ဆောင်နေတဲ့အကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

 

တခြားတစ်ဖက်မှာလည်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြည်သူလူထုကို တိုက်တွန်းနေကြပါတယ်။

 

ဓာတ်ပုံ – MOI