စစ်တပ်အာဏာသိမ်းပြီးကာလ ချင်းပြည်နယ်မှာ မြေမြုပ်မိုင်းကြောင့် အရပ်သား ၃၆ ဦးသေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jun 08, 2024

စစ်တပ်အာဏာသိမ်းပြီးကာလ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)က ဒီနေ့ ဇွန်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။

 

အဲဒီ အရပ်သား ထိခိုက်သေဆုံးတဲ့ စာရင်းဟာ ၂၀၂၁ ခုနှစ်က စတင်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းတွေဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ၄၀ ရာခိုင်နှုန်းထိ ရှိတယ်လို့ သိရပါတယ်။

 

ပလက်ဝမြို့နယ်မှာ ဘာတိုက်ပွဲမှမရှိပေမယ့် တိုက်ပွဲတွင်း ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဒီကနေ့ထိ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့ ပလက်ဝမှာ တိုက်ပွဲမရှိတာ ၅ လလောက်ရှိပါပြီ။ တိုက်ပွဲမရှိပေမယ့် အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာနဲ့ လမ်းတွေမှာ တိုက်ပွဲတွင်း ထောင်ထားတဲ့ မိုင်းတွေကြောင့် တစ်လ အရပ်သား တစ်ယောက်နှုန်း ထိခိုက်ဒဏ်ရာရတယ်။”လို့ သူက ဆိုပါတယ်။

 

အဲ့ဒီ မြေမြှုပ်မိုင်းကြောင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေဟာ ဆေးကုသစရိတ်အတွက် အခက်ခက်ရှိပြီး လိုအပ်တဲ့ အကူညီတွေ လုံလုံလောက်လောက်မရရှိဘူးလို့ လိုင်လင်းပီမြို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော် ဦးလေးတစ်ယောက် ပြီးခဲ့တဲ့လက တောင်ယာကအပြန် လိုင်လင်းပီမြို့အဝင်မှာ မိုင်းနင်းလို့ ခြေနှစ်ဖက် ထိခိုက်ဒဏ်ရာရတယ်။ လူနာကို မီဇိုရမ်ဘက် ဆေးသွားကုဖို့ ပို့တယ်။ အဲ့မှာ နေစရာ၊ စားစရာတွေ၊ ဆေးကုသစရိတ်တွေ အရမ်း​စျေးကြီးတယ်။ ဆေးကုသစရိတ် ခက်ခဲတယ်။ ကူညီထောက်ပံ့တဲ့ အဖွဲ့စည်းတွေရှိပေမယ့် လုံလောက်မှုမရှိဘူး”လို့ သူက ဆိုပါတယ်။

 

ဒါ့အပြင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)က တစ်နှစ်ကျော်ကြာ သိမ်းပိုက်ရရှိထားတဲ့ ဖလမ်းမြို့နယ်က စစ်ကောင်စီ ဗာရ်းစခန်းအဟောင်းအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သား တစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

 

ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအပြင် တိုက်ပွဲတွင်း စစ်ကျန်ပစ္စည်း ပေါက်ကွဲမှုတွေကြောင်း အရပ်သား ထိခိုက်သေဆုံးလည်း ရှိပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ဖလမ်းမြို့တွင် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို နင်းမိရမှ အသက်ဆုံးပါးခဲ့ရသည့် အမျိုးသားတစ်ဦးအား မြင်ရပုံ (ပုံအဟောင်း)