စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တော့မှာမို့ စောလျင်စွာ လက်နက်ချရန် AA ဆို

Author လဂွန်းအိမ်
Categories
Published on Jun 08, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက် ကျန်ရှိတဲ့ လက်ကျန်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူမှာဖြစ်လို့ စစ်ကောင်စီတပ်တွေ စောလျင်စွာ လက်နက်ချ အညံ့ခံပါက အသက်အန္တရာယ် ကင်းဝေးမည်လို့ အာရက္ခတပ်တော် AAက မနေ့က ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

အာရက္ခတပ်တော် AA ဟာ ဇွန်လ ၂ ရက်နေ့က စတင်ပြီး မောင်းတောမြို့ကို သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်ဆင်လျက်ရှိခဲ့ရာ အခုအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက မောင်းတောမြို့နယ်အတွင်းရှိ တပ်စခန်း ၆ ခုနဲ့ ကာကင်း ၂ ခုတို့ကို လက်လွှတ်လိုက်ရပြီလို့ ဆိုပါတယ်။

 

စစ်ကောင်စီက ဘူးသီးတောင်မြို့ကို လက်လွတ်ခဲ့ရပြီး ချိန်မှာပင် မောင်းတောမြို့ကိုဝင်ရောက်မိုင်မည့် လမ်းများ ပိတ်ထားသည့်အပြင် တံတား ၄ စင်း ကိုပါ မိုက်ခွဲ ချိုးဖျက်ထားခဲ့တယ်လို့ သိရပါတယ်။

 

အာရက္ခတပ်တော် AA က မောင်းတောမြို့ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ တာဝါတိုင်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့မှာ ကျောက်ပန္ဒူစခန်း၊ ဇွန်လ ၄ ရက်နေ့မှာ ခွဆုံပြင်စခန်းနဲ့ မြင်းလွှတ်စခန်း၊ ဇွန်လ ၆ ရက်နေ့မှာ နခခ(၆) ဖြစ်တဲ့ အင်းဒင်စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီး မနေ့က ဇွန်လ ၇ ရက်နေ့မှာလည်း နခခ(၉) ကို သိမ်းပိုက်ရရှိထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် မောင်းတောမြို့နယ်က နေရာအများအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဇွန်လ ၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီရဲ့ နခခ (၂) က စစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရကာ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာစဉ်မှာ သာယာကုန်းကျေးရွာက ဒေသခံ ငါးဦးကိုလည်း ဖမ်းဆီးသွားခဲ့တာက တစ်ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

မကျည်းကုန်း ကျေးရွာအနီးက စစ်ကောင် နခခ (၂)ရဲ့ ကာကင်းစခန်းကုန်း နှစ်ခုကို နှစ်ရက်ကြာပိတ်ဆို့ထားခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ သီဟိုဠ်ခြံနဲ့ နခခ(၂) ဘက်သို့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

 

ဒါ့ပြင် သံတွဲ မြို့နယ် နှင့် အမ်းမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး သံတွဲမြို့နယ် ငပလီ လေယာဉ်ကွင်း အနီးမှာပင် စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

 

မောင်းတောမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀၀ ကျော်သေဆုံးခဲ့သည်ကို ဖမ်းဆီးရမိသည့် သုံ့ပန်းများထံက သိရတယ်လို့ဆိုထားပြီး အမ်းမြို့နယ် တောဟိန်းတောင်စခန်းကို သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေရာမှာလည်း ၁၀၀ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – AA Info Desk