စစ်မှုထမ်းဆင့်ခေါ်ရေး အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူး အပစ်ခံရပြီး သေဆုံး

Published on Jun 08, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်သက်ဝင်း (၅၅) နှစ်ကို ဇွန်လ (၇) ရက်နေ့ မနက် ၁၀နာရီခွဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲ ရာအိမ်မှူးတွေနဲ့ အတူတူ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ​ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

 

အာဏာသိမ်းပြီးစ ပြည်သူ့စစ် စတင်တည်ထောင်ချိန် မင်းရပ် ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဇော်မင်းသိန်း၊ ဦးကျော်စိုးလင်းနဲ့ ယခု ရှင်းလင်းခံရသူ ဦးဇော်သက်ဝင်း တို့က လက်ပံတန်းမြို့နယ်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ ဦးဆောင်ခဲ့ပြီး ပြည်သူ့စစ်ကို စတင် သင်တန်းတက်ခဲ့တဲ့ ခေါင်းဆောင်တွေလို့ ဆိုပါတယ်။

 

ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုဟာ ဦးဇော်သက်ဝင်းရဲ့ ဘယ်ဘက်ရင်အုံကို ထိမှန်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အဲဒီအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင် က CJ Platform ကို ပြောပါတယ်။

 

“သတင်းရလို့ ရုံးဝင်းထဲဝင်ပြီး ပစ်ခတ်ခဲ့တာ ထိပ်ကြီး ရင်အုံကိုတည့်တည့်မှန်ပြီး တခြား ရာအိမ်မှူး က ခုခံတော့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ ရုံးတွေက အဲ့နားမှာစုနေတော့ အဓိက ပစ်မှတ်ကိုပဲ လုပ်ပြီး ချက်ချင်း ပြန်ထွက်ရတာပေါ့” လို့ သူကဆိုပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားပြီး  သေဆုံးအလောင်းကို စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားပြီးနောက် အဲဒီနေ့ ညနေ ၅ နာရီဝန်းကျင်က လက်ပံတန်းနဲ့ သာယာဝတီမြို့အစပ်မှာ လက်ပံတန်းကရဲတွေ၊ ပြည်သူစစ်တွေနဲ့ စစ်ကောင်စီတပ်သား ပူးပေါင်းအဖွဲ့က စစ်ဆေးမှူတွေလုပ်ဆောင်ခဲ့ပြီး အမည်မသိ ခရီးသွား လူငယ်သုံးဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် လက်ပံတန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်ကောင်စီသတင်းပေးတွေကို ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေက ရှင်းလင်းခဲ့ရာမှာ ကိုဇော်သက်ဝင်းအပါ (၁၁ )ယောက်ရှိပြီ ဖြစ်တယ်လို့ ရွှေတန်းမြေအဖွဲ့ထံက သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – အုပ်ချုပ်ရေးမှူး ဦးဇော်သက်ဝင်းကို မြင်ရပုံ