အညာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အထူးတပ်ဖွဲ့သစ် ဖွဲ့စည်း

Author မင်းထက်
Categories
Published on Jun 08, 2024

စစ်ကိုင်းတိုင်း ၊ လွတ်မြောက်‌နယ်မြေ တစ်နေရာမှာ အညာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution)  ဆိုတဲ့ အမည်နဲ့ တပ်ဖွဲ့သစ်ထူထောင်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ အတွင်းရေးမှူးက CJ Platform ကို ပြောပါတယ်။

 

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တွေကို ဇွန် ၄ ရက်မှာ လက်နက်တွေ တပ်ဆင်ပေးခဲ့ကြပါတယ်။

 

လက်ရှိ အညာဒေသမှာ စစ်ကောင်စီတပ်က အပြင်းအထန် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို လုပ်နေပြီး တပ်သင်တန်းဆင်းပွဲတွေကို သတိကြီးကြီးနဲ့ အတိုချုံးပြီး လုပ်ဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

 

တပ်ဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး တပ်ဖွဲ့တွင်းမှာ အတွေ့ကြုံ ရှိပြီးတဲ့  ရဲဘော်၊ ရဲမေတွေက လူဟောင်းတွေကို မွမ်းမံသင်တန်းပေးကာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

 

“ရဲဘော်အဟောင်းတွေ ဖြစ်တဲ့အတွက် သူတို့က မြေပြင်တိုက်ပွဲတွေ ဖောင်ဆောင်ဖူးခဲ့တဲ့သူတွေလဲ ဖြစ်ကြတယ်၊ နောက်ပြီးတော့ တာ၀န်အသီးသီးနဲ့ ထမ်းရွက်ခဲ့ကြတဲ့ သူတွေလဲဖြစ်ကြတယ် ဒီလိုလူမျိုးတွေကိုပဲ ပြန်ပြီးတော့ ကျွန်တော်တို့ မွမ်းမံသင်တန်းပေးတာပေါ့နော်” လို့ တပ်ဖွဲ့အတွင်းရေးမှူး က ဆိုပါတယ်။

 

မွမ်းမံဆိုပေးရာမှာ လက်နက်ကြီမွမ်းမံ၊  လက်နက်ငယ်မွမ်းမံ နဲ့  တိုက်ခိုက်ရေးနည်းပညာ ၊ နည်းဗျူဟာ မွမ်းမံ သင်တန်းပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့သိမ်းရွာသိမ်း ၊ စခန်းသိမ်းတွေအတွက် ဦးစားပေးသင်တန်းပေးလျက်ရှိတဲ့ အငယ်တန်းကွန်မန်ဒိုအဖွဲ့နဲ့ အကြီးတန်းကွန်မန်ဒိုအဖွဲ့ဆိုပြီး  ကွန်မန်ဒို အမျိုးအစား နှစ်ရပ် သင်တန်းတွေ ပေးလျက်ရှိကြောင်း ဆက်လက် ပြောပါတယ်။

 

“တပ်ဖွဲ့အတွက် ရဲဘော်သစ်ခေါ်ယူ လေ့ကျင့်ပေးတာမျိုး မရှိသေးပါဘူး ၊ အရင်တုန်းက ရှိတယ်ဆိုတာက ရဲဘော်ဟောင်းတွေနဲ့ပဲ ပြန်လည်မွမ်းမံသင်တန်းအနေနဲ့ လေ့ကျင့်ပေးတာပါ။ဆိုတော့ ရဲဘော်ဟောင်းတွေနဲ့ ပြန်လည်ဖွဲ့စည်းတာဖြစ်တဲ့အတွက်  ကျွန်တော်တို့မှာ လူသစ်ခေါ်တာတို့ ဒါမှ မဟုတ်ရင် အခြေခံစစ်သင်တန်းပေးတာတို့တော့ လောလောဆယ် မရှိသေးဘူး” လို့လဲ အထက်ပါ တာ၀န်ရှိသူက ပြောပါတယ်။

 

တော်လှန်ရေးက ၃ နှစ်ကျော် ကြာလာပြီဖြစ်သလို တပ်ဖွဲ့တိုင်းမှာလည်း စစ်စွမ်းရည်တွေလည်း အတော်အသင့်ပြည့်ဝလာပြီဖြစ်လို့ အခုလို အညာဒေသတော်လှန်ရေး အထူးတပ်ဖွဲ့အဖြစ် တည်ထောင်ခဲ့ကြတာလို့ ပြောပါတယ်။

 

အညာတော်လှန်ရေးအစမှာ တိုပ်ပွဲဝင်လာကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ အညာဒေသတော်လှန်ရေး အထူးတပ်ဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။

 

ဒါ့အပြင်  တော်လှန်အဖွဲ့အစည်းတိုင်းမှာ လိုအပ်ချက်များစွာ ရှိနေကြသလို  အဖွဲ့သစ် အမည်အသစ်နဲ့ ထွက်ပေါ်လာတဲ့ အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution)အနေနဲ့လဲ ဘဏ္ဍာရေးအခက်အခဲနဲ့ လက်နက်ခဲယမ်းအခက်အခဲတွေ ရှိနေပါတယ်။

 

အညာဒေသ တော်လှန်ရေးအထူးတပ်ဖွဲ့ အနေနဲ့ မဟာမိတ်ဆက်ဆံရေး ကောင်းကောင်းမွန်မွန် ဖော်ဆောင်လျက်ရှိနေပြီး  စစ်ရေးမှာ ထူးချွန်ထက်မြက်တဲ့သူတွေပေါ်လာအောင် တနည်းအနေနဲ့ ပိုပြီးထက်မြက်တဲ့ စစ်ကွပ်စစ်ကဲကောင်းလာတဲ့သူတွေ၊ ပိုပြီး စေ့စပ်ညှိနှိုင်းကာ အားလုံးနဲ့ပူးတွဲ လုပ်ဆောင်နိုင်တဲ့သူတွေဖြစ်သွားအောင် လုပ်ဆောင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

 

ရုပ်သံ – အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution)