အိုးဘိုထောင်မှာ အကျဉ်းသားတွေ လေးဆခန့် တိုးလာ

Author ဂျွန်နသန် ၊ တေဇာ
Categories
Published on Jun 08, 2024

မန္တလေး ဗဟိုအကျဉ်းထောင်ဖြစ်တဲ့ အိုးဘိုထောင်မှာ  အကျဥ်းသားအကျဥ်းသူအရေအတွက်ဟာ ၂၀၂၄ နှစ်ဆန်းပိုင်းက စတင်ပြီး အကျဉ်းသားဦးရေ လေးဆခန့်ထိ တိုးလာပြီး ထောင်တွင်းမှာ အကျဉ်းသားတွေ အဆမတန်များပြားလွန်းနေတာကြောင့် အပူဒဏ်နဲ့ အရေပြားရောဂါတွေ ခံစားနေရတယ်လို့  နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လူ ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိတဲ့ အကျဉ်းထောင်အတွင်းက အဆောင်တွေမှာ ၁၀၀ကနေ ၁၅၀ထိ အထပ်ခိုးပါတဲ့ အဆောင်တွေမှာ ၂၀၀ခန့်ထိ စုပြုံထားရှိနေတယ်လို့ ဆိုပါတယ်။

 

အခုနှစ် နွေရာသီကာလအတွင်း မန္တလေးမြို့ဟာ မေ ၁၉ ရက်ထိ ကမ္ဘာ့အပူဆုံး မြို့ ၁၅ မြို့စာရင်းမှာ ပါဝင်ခဲ့ပြီး မေလ ၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ မန္တလေးမြို့ရဲ့ နေ့အပူချိန် ၄၄ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီးတော့ ၁၉၉၅ ခုနှစ် ဧပြီ ၃၀ ရက်က စံချိန် တင်ခဲ့တဲ့ ၄၄ ဒဿမ ၀ ဒီဂရီစင်တီဂရိတ် စံချိန်ကို ချိုးကာ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ် တင်ခဲ့တာပဲ ဖြစ်ပါတယ်။

 

အဲဒီလို စံချိန်တင်အပူချိန်မြင့်အချိန်တွေမှာ အကျဉ်းသားတွေဟာ အပူဒဏ်ပြင်းထန်စွ ာခံစားခဲ့ရတဲ့အပြင် ညအိပ်ချိန်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ထပ်လုနီးပါး အိပ်ရတာကြောင့် များစွာ ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။

 

အခု မိုးဦးကာလမှာလည်း အဝတ်လှမ်းဖို့ခက်ခဲပြီး အဝတ်တွေ မလုံလောက်တာကြောင့် မခြောက်သေးတဲ့ အဝတ်အစားတွေ ပြန်ဝတ်နေရကာ တစ်ဦးနဲ့တစ်ဦး ထိကပ်စွာနေရပြီး ပွေး၊ ဝဲ အစရှိတဲ့ ယားနာတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

 

”၂၀၂၄ အစပိုင်းလောက်ကနေပြီးတော့ အမိန့်ကျတဲ့ လူဦးရေတွေလည်း တဖြေးဖြေး များလာတော့ အကျဆောင်တွေမှာ လူဦးရေ ပြည့်ညှပ်လာတဲ့ကိစ္စတွေ ဖြစ်လာတယ်ပေါ့နော်။ အမျိုးသမီးဆောင်တွေမှာဆိုရင် ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးမွေးထားတဲ့ နိုင်ငံရေးအကျဉ်းသူ ခန့်မှန်းခြေ ၅၀ ဝန်းကျင်လောက်လည်း အခြားအကျဉ်းသူတွေနဲ့ အတူတူ ရှိနေရတယ်ပေါ့နော်” လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့  ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

အကျဉ်းထောင်တွေမှာ ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့် နေရာထိုင်ခင်းနဲ့ စားသောက်ရေး စီစဥ်ပေးတာမျိုး မရှိသလို အိုးဘိုထောင်မှာ အားလုံးနဲ့တန်းတူနေရတဲ့အတွက် အခန်းကျဥ်းထဲမှာ ကြပ်ကြပ်ညပ်ညပ်နဲ့နေရတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

ဒါ့အပြင် နေရာမလုံလောက်မှုကြောင့် နိုင်ငံရေးအကျဥ်းသူတစ်ဦးနှင့်အခြားအကျဉ်းသူတစ်ဦးတို့ စကားများကြသဖြင့် နိုင်ငံရေးအကျဥ်းသူတစ်ဦးကို အကျဉ်းထောင်က တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း PPNM ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

 

ကိုယ်ဝန်ဆောင်အကျဉ်းသူတွေအတွက် အကျဉ်းထောင်က ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု အနည်းငယ် လုပ်ဆောင်ပေးပေမယ့် ကလေးငယ်တွေအတွက် အဟာရပြည့်ဝတဲ့ စားသောက်မှုတွေ အပါအဝင် လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိဘူးလို့လည်း သိရပါတယ်။

 

” ပိုက်ဆံတတ်နိုင်ရင်တော့ ငွေကြေးအိမ်က ပို့နိုင်ရင် ပို့နိုင်သလောက် ကလေးငယ်တွေအတွက် အထောက်အပံ့ပစ္စည်းလေးတွေရတာကိုတော့ ကျွန်တော်တို့ ပြန်ကြားရတယ်ဗျ” လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် အိုးဘိုထောင်အတွင်း နေရာမလုံလောက်မှုတွေကြောင့် အမျိုးသမီးဆောင်ရှိ ကိုယ်ဝန်သည် အကျဥ်းသူတွေနဲ့ ကလေးငယ်တွေမှာ အပူနာ၊ မိတ်ဖု စတဲ့ ရောဂါတွေ ဖြစ်ပွားလာနေပါတယ်။

 

” ကျွန်တော်တို့ ထောင်တွေမှာတော့ လူများပြီးကြပ်လာရင် အထက်ကို တင်ပြကြပါတယ်၊ အဲ့ဒီမှာ အခြားခြောင်တဲ့ အကျဉ်းထောင်တွေကို အမိန့်ကျပြီးတဲ့ အကျဉ်းသားတွေကို ပြောင်းရွှေ့ပေးရတာမျိုးတွေ လုပ်ပါတယ်ဗျ” လို့ အကျဉ်းထောင်အဆင့်သတ်မှတ်ချက် (ခ) အကျဉ်းထောင်က ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မြင်းခြံ၊ ပုသိမ် ၊မြစ်ကြီးနား၊ အင်းစိန်၊ သာယာဝတီ၊ ဖျာပုံ၊ ဂန့်ဂေါ၊ပခုက္ကူ စတဲ့ထောင်တွေမှာ သောက်ရေ၊ သုံးရေ အလုံအလောက်မရတာ၊ ထုံးဓာတ်ပါတဲ့ရေတွေ သောက်ရတာ၊ ခွက်ရေအကန့်အသတ်နဲ့ ရေချိုးရတာ၊ နုန်းအနှစ်တွေပါတဲ့ မသန့်ရှင်းတဲ့ရေတွေ သောက်ရတာတွေကြောင့် ဝမ်းပျက်ဝမ်းလျော၊ယားနာနဲ့ ကျောက်ကပ်ရောဂါ စတဲ့ရောဂါတွေ ခံစားနေရတယ်လို့ မေလ ၁၄ ရက်နေ့မှာလည်း PPNM ကထုတ်ပြန်ခဲ့ပါသေးတယ်။

 

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကစလို့ လက်ရှိ ဇွန်လအထိ ဖမ်းဆီးခံရသူ ၂၆၈၃၀ ဦးရှိပြီး ထိုအထဲမှ ၂၀၅၇၁ ဦးဟာ ဆက်လက်ဖမ်းဆီးခံရဆဲ ဖြစ်ကာ ၉၁၇၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်