တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်သားတွေက အောက်တောင်ကိုင်းရွာကို မီးရှို့လို့ အိမ် ၅ လုံးပျက်စီး

Published on Jun 08, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဇွန်လ ၇ ရက်နေ့ မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မတ္တရာမြို့နယ်က ဖောကာသုံးစီးနဲ့ ထွက်လာတဲ့ အင်အား ၁၂၀ပါ စစ်ကောင်စီ စစ်ကြောင်းဟာ အဲဒီနေ့ မနက် ၆ နာရီမှာ ရှမ်းတောရွာကို ဝင်ရောက်ပြီး ကားတွေထားခဲ့ပြီးနောက် ရှမ်းတောကနေ တစ်ဆင့် အောက်တောင်ကိုင်းကျေးရွာကို မနက် ၇ နာရီလောက်မှာ ခြေကျင်စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာမရောက်မီ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

တဆက်တည်းမှာ အောက်တောင်ကိုင်းကျေးရွာကို စစ်ကြောင်းသုံးကြောင်းခွဲ ဝင်ရောက်ကာ ၉ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ အောက်တောင်ကိုင်းရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကဆိုပါတယ်။

 

“ သူတို့က ကားတွေကို ရှမ်းတောမှာထားခဲ့ပြီး ခြေကြောင်းထိုးဝင်လာတာ ပစ်တဲ့လက်နက်ကြီး အမျိုးအစားကိုတော့ မသိရဘူး နယ်မြေရှင်းလင်းပြီးပြီ အိမ်ငါးလုံး မီးရှို့ခံခဲ့ရပါတယ်” လို့ သူကပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မနက် ၁၀ နာရီခန့်မှာ အောက်တောင်ကိုင်းရွာကနေ ဟင်္သာရွာသစ်ဘက်ကို လက်နက်ငယ်တွေ ဖောက်ပြီး ကျေးရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ချိန် သဖန်းဒေါင့်ကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ရာ ဇလကျေးရွာ အရှေ့ဘက်ကို နှစ်လုံးကျခဲ့ပြီး လူထိခိုက်မှုမရှိဘူး လို့ဆိုပါတယ်။

 

စစ်ကောင်စီတပ်က မနက်မှာ ၁၁ နာရီခွဲခန့်မှာ အောက်တောင်ကိုင်းကျေးရွာထိပ်ကို ကား သုံးစီးနဲ့ အင်အား၁၀၀ခန့် ထပ်မံအင်အားဖြည့်တင်းခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၀ ခန့်မှာ ထပ်မံပြီး စစ်ကား(၇)စီးနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

 

ညနေ ၅နာရီ ၃၅ ခန့်မှာ မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်သားတွေဟာ ကား ၁၁ စီးနဲ့ မတ္တရာမြို့ဘက်ကိုထွက်သွားပြီး လက်ရှိမှာ ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာ၊ သနပ်ကုန်းကျေးရွာဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီအင်အား ၆၀ ကျော်ဟာ ဧပြီလ ၂၇ ရက်နေ့ ၁၀ နာရီခွဲ ခန့်က ရွှေဘိုးကြီးကျေးရွာ၊ ထန်းခြောက်ပင်ကျေးရွာ၊ ဟင်္သာကုန်းကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး  ၁၂နာရီ ၃၅ မိနစ်ခန့်မှာ ဟသ်ာကုန်းကျေးရွာ အိမ်ခြေ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့