ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီကြောင့် ဒေသခံ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရလို့ KNU ဆို

Author လင်းနွေဦး
Categories
Published on May 08, 2024

ပဲခူးတိုင်း၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲ ဧပြီလ နှောင်းပိုင်းကစလို့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံအရပ်သား သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ ညနေ ၆ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ခလရ-၆၀ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ခဲကြီးကျေးရွာ တောင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အလားတူ မေလ (၂) ရက်နေ့ ည ၉ နာရီခွဲခန့်မှာ ပိန်းဇလုပ်အခြေစိုက်(ခလရ-၂၆၄)တပ်ရင်းကနေ ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး တစ်လုံးပစ်ခတ်မှုကြောင့် ကရင်ကျွန်းကြီးကျေးရွာက အရပ်သားနှစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဆောထိ(ရွှေကျင်)မြို့နယ်ထဲ ဧပြီ ၂၂ ကနေ ၂၇ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်းထိုးမှုအတွင်း စစ်ကောင်စီတပ်တွေက ကဇင်းပင်ကျေးရွာက အမျိုးသားတစ်ဦးနဲ့ အင်္ဂနီကျေးရွာက အမျိုးသားတစ်ဦးတို့ သတ်ဖြတ်ခဲ့တဲ့အပြင် မေလ (၁)ရက်နေ့ နံနက်(၁၀)နာရီကျော်မှာ စစ်ကောင်စီတပ်ရဲ့ သံဆိပ်စခန်းက လက်နက်ကြီးနဲ့ ဒရုန်းတွေပစ်ခတ်ခဲ့တာကြောင့် အရပ်သား သုံးဦးထိခိုက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

 

ဒါ့အပြင် မေလ(၁)ရက်ထဲ စစ်ကောင်စီတပ်က မူး(မုန်း)မြို့နယ်ထဲက မိုးညှင်းဒဲ၊ ကွီးဒိုခေါ်နဲ့ ထီးခထားကျေးရွာတွေကို ဂျက်တိုက်လေယာဉ်ပေါ်ကနေ ပေါင် ၅၀ဝ ဗုံးသီးတစ်လုံးစီ ကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ရပြီး ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ- KNU

 

ပုံစာ – စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ဒေသခံပြည်သူများ