လမ်းမှာတွေ့တဲ့ မိုင်းကို ချောင်းမှာ စွန့်ပစ်ဖို့လုပ်ရင်း ပေါက်ကွဲလို့ နှစ်ဦးမိုင်းထိ တစ်ဦးဒဏ်ရာပြင်းထန်

Published on May 08, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ တအောင်း တပ်မဟာ (၃) စစ်ဒေသ မန်တုံမြို့နယ်ရှိ မန်စပ်ရွာသားနှစ်ဦးဟာ မေ ၁ ရက် ညနေ ၃ နာရီလောက်မှာ ရွာရဲ့  နှစ်မိုင်အကွာ လမ်းဘေးတစ်နေရာမှာ မိုင်းတစ်လုံးတွေ့ရှိခဲ့တာကြောင့် ကျေးရွာအနီးက ချောင်းရှိတဲ့နေရာကို သွားရောက်ဖောက်ခွဲဖို့ ကြိုးစားရင်း လမ်းမှာ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မိုင်းစထိမှန်သွားတဲ့ ဒေသခံ နှစ်ဦးဟာ အသက် ၁၈ နှစ်အရွယ်ရှိ မိုင်းအိုက်ကွန်းနဲ့ မိုင်းနိုင်ထွန်းအောင်တို့ဖြစ်ပြီး မိုင်းနိုင်ထွန်းမှာ မျက်နှာနဲ့ လက်ကို မိုင်းစထိမှန်ခဲ့သလို မိုင်းအိုက်ကွန်းမှာ  ဘယ်ဘက်လက်ကောက် ပြတ်ပြီး ဘယ်ခြေထောက်မှာလည်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒဏ်ရာရရှိသူ နှစ်ဦးထဲက မိုင်းနိုင်ထွန်းအောင်ဟာ သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ မိုင်းအိုက်ကွန်းဟာ နမ္မတူပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီ ၂၇-၂၈ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ခြောက်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် သုံးဆယ်ကျေးရွာက အသက်(၆၀)အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် နှစ်လုံး ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေးဌာန