ရန်ကုန်က တိုက်ခန်းတွေမှာ လျှပ်စစ်မီးကြောင့် သုံးရေပြတ်ပြီး ပရဟိတအဖွဲ့တွေဆီ အကူအညီတောင်းခံနေရ

Author ကိုထက်
Categories
Published on May 08, 2024

ရန်ကုန်မြို့က လူနေကွန်ဒို၊ တိုက်ခန်းပေါများရာ မြို့နယ်တွေမှာ လျှပ်စစ်မီးကြောင့် သုံးရေပြတ်လို့ ပရဟိတအဖွဲ့တွေဆီ အကူအညီတောင်းခံနေရတဲ့အထိဖြစ်ပေါ်နေတယ်လို့ တိုက်ခန်းနေသူတွေနဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

 

ကွန်ဒို၊ တိုက်ခန်းများတဲ့ စမ်းချောင်း၊ လှိုင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သာကေတ၊ မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေက ရေပြတ်လို့ဆိုပြီး အကူအညီတောင်းခံလာတာများတယ်လို့ ရန်ကုန်မြို့က နာမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“မီးပြတ်တာက များနေတာရယ်။ မီးလာပြန်တော့လည်း ရေမလာတာ။ ရေလာတော့လည်း မီးမလာလို့ မတင်ရတာတွေဖြစ်တော့ ရေပြတ်တာပါ။ တစ်နေ့တစ်နေ့ မိုးလင်းကတည်းက ညနေအထိကို လိုက်ကူညီနေရတဲ့အခြေအနေမှာရှိတယ်” ဟု သူက ပြောပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း နေ့စဉ် ဂါလံ ၁၂၀ဝ ဆံ့ကားနဲ့ နေ့စဉ်ရေလိုက်လှူနေတယ်လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)က ပြည်သူတစ်ဦးက ပြောပါတယ်။

 

“အရင်ခေတ်လိုဖြစ်နေတာ။ အခုမီးသတ်ကပါ လိုက်လှူနေရတာလေ။ သူတို့ပြောတာတော့ ရေလိုရင် ဖုန်းဆက်‌ပေါ့။ နေ့တိုင်း သူတို့လိုက်ပေးဝေတယ်ပေါ့။ မီးက တစ်နေကုန်တစ်နေခမ်းမလာတော့ ရေသန့်တွေလည်း တစ်ခါတလေဝယ်မရဘူး။ သုံးရေလည်း ပြတ်တယ်” ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မှ ပြည်သူတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ကြေညာချက်အရ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်း၊ စံပြရပ်ကွက်၊ သာကေတ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) စတဲ့မြို့နယ်တွေကို ရေပေးဝေနေရတယ်လို့ သိရပါတယ်။

 

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါးမှုနေလို့ သုံးရေပြတ်လပ်ခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းတချို့ ယာယီရပ်နားရခြင်း စတဲ့အကျပ်အတည်းတွေအပြင် အပူဒဏ်ကြောင့် လူသေဆုံးမှုတွေဟာလည်း လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – MFSD