မရပ်တန့်နိုင်သေးတဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲအပေါ် လေ့လာသုံးသပ်သူတွေ ဘယ်လိုမြင်လဲ?

Author အဂ္ဂ
Categories
Published on May 08, 2024

အီဂျစ်နဲ့ ကာတာတို့ဘက်က အဆိုပြုထားတဲ့ အပစ်ရပ်စဲရေးကမ်းလမ်းမှုကို ဟားမက်စ်တို့ဘက်က လက်ခံတယ်လို့ တနင်္လာနေ့(မေလ ၆ ရက်)မှာ ပြောဆိုခဲ့ပေမဲ့ အစ္စရေးတို့ဘက်ကတော့ အဲဒီလက်ခံမှုကို မျက်ကွယ်ပြုထားခဲ့ပါတယ်။

 

အစ္စရေးအစိုးရက အဲဒီ အပစ်ရပ်စဲရေး အဆိုပြုချက်ဟာ သူတို့လက်ခံမယ့်အဆိုပြုချက်မဟုတ်ဘူးလို့ အလျင်အမြန်ပဲ ရှင်းရှင်းလင်းလင်းတုံ့ပြန်ခဲ့ပြီး ဂါဇာနဲ့ အီဂျစ်နယ်စပ်က ပါလက်စတိုင်းဘက်ခြမ်းမှာရှိတဲ့ ရာဖာမြို့ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် သူတို့ရဲ့ သဘောထားကို ပိုပြီး ရှင်းလင်းစေခဲ့ပါတယ်။

 

နိုင်ငံရေးလေ့လာသုံးသပ်သူတွေအတွက် အစ္စရေးအစိုးရပေးချင်တဲ့ သတင်းစကားကတော့ ထာဝရ အပစ်အခတ်ရပ်စဲရေးဆိုတာရှိလာမှာမဟုတ်ဘဲ ဂါဇာကမ်းမြောင်ဒေသမှာ ဆိုးရွာတဲ့ စစ်ပွဲတွေ ဆက်ပြီးရှိနေလိမ့်ဦးမယ်ဆိုတာပါပဲ။

 

“အစ္စရေးဟာ ဂါဇာဒေသမှာ သူတို့ရဲ့စစ်ဆင်ရေးတွေ ဆက်လုပ်ဖို့အတွက် အခွင့်အရေးကို အသင့်ပြင်ထားသလိုပါပဲ” လို့ စစ်ပွဲတွေတားဆီးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ International Crisis Group(ICG)က အစ္စရေး-ပါလက်စတိုင်းအရေး အကြီးတန်း လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သူ Mairav Zonszein က ပြောပါတယ်။

 

အစ္စရေးက စစ်ပွဲကို အဆုံးသတ်ဖို့ ငြင်းဆိုနေသရွေ့ သဘောတူညီချက်ဟာ မဖြစ်နိုင်ဘူးလို့ ထင်ကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

 

ကောင်းကျိုးတွေရှိလာနိုင်တဲ့ စစ်ပွဲအဆုံးသတ်ဖို့ကိစ္စကို အစ္စရေးဘက်က ငြင်းဆိုနေသရွေ့ သဘာတူညီမှု တစ်ခုရလာဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင်မိတယ်လို့ သူမက ဆက်ပြောပါတယ်။

 

“အကယ်၍ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာသာ လက်မှတ်ထိုးလိုက်ပြီးပြီဆိုရင် နောက်ပိုင်းမှာ (တဖြည်းဖြည်းနဲ့) အမှန်တကယ်အပစ်အခတ်ရပ်စဲဖို့လည်း လိုအပ်ပါလိမ့်မယ်” လို့ သူမက အယ်လ်ဂျားဇီးရား သတင်းဌာနကို ပြောပါတယ်။

 

အစ္စရေးဘက်ကတော့ ရာဖာမြို့ကို ဗုံးကြဲတိုက်ခိုက်ရခြင်းဟာ ဟားမက်စ်တပ်ရင်းတွေကို ဖျက်သိမ်းဖို့နဲ့ အစ္စရေးတို့ ဝန်းရံထားတဲ့ ဟားမက်စ်တွေဆီကို လက်နက်ခိုးသွင်းဖို့အသုံးပြုနေတဲ့ ဂါဇာ-အီဂျစ် နယ်စပ်ဖြတ်ကျော်လမ်းကို သိမ်းပိုက်ဖို့လည်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒါပေမဲ့ အဲဒီနယ်စပ်ဖြတ်ကျော်လမ်းပိုင်းကို ပိတ်ဆို့လိုက်ခြင်းဟာ နေရပ်စွန့်ခွာထွက်ပြေးသူအများစု နေထိုင်နေတဲ့ ရာဖာမြို့ထဲက စစ်ဘေးရှောင်တစ်သန်းအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့လည်း လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေက အလျင်အမြန်ပဲ ထောက်ပြပြောဆိုနေကြပါတယ်။

 

အစ္စရေးဘက်က အခုလို လုပ်ဆောင်ခဲ့တာဟာ ကာတာ၊ အီဂျစ်နဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ရဲ့ ဒါရိုက်တာဖြစ်သူ ဝီလီယံ ဘန်းစ်(William Burns)ကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ပြီး အကျိုးဆောင်အနေနဲ့ ရက်ပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့ အစ္စရေး-ဟားမက်စ်တို့ကြား ခိုင်မာတဲ့ သဘောတူညီချက်ရဖို့ဆိုတဲ့ မျှော်လင့်ချက်ကတော့ ပျက်စီးသွားခဲ့ရပါတယ်။

 

အစ္စရေးကတော့ ဟားမက်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ဟာ အရင်ကအဆိုပြုချက်နဲ့ ကွဲလွဲနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ ပိုပြီးကျယ်ပြန့်လာတဲ့ ပြဿနာက ဟားမက်စ်တို့ဘက်က အစ္စရေးသုံ့ပန်းတွေကို လွှတ်ပေးပြီးတဲ့နောက်မှာတောင်မှ အစ္စရေးဘက်က ထာဝရ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ဆန္ဒရှိမနေခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

 

“ပြီးခဲ့တဲ့ ရက်တွေအတွင်းက နောက်ဆုံးနှစ်ရက်လောက်မှာ အစ္စရေးဘက်က ကောင်းမွန်တဲ့သဘောထားမျိုးနဲ့ ဆွေးနွေးခဲ့တာမဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဟားမက်စ်တို့ဘက်က အပစ်အခတ်ရပ်စဲရေးကို သဘောတူတဲ့ အချိန်တွေမှာကိုပဲ သူတို့က အဲဒါကို ဖျက်ဆီးပြီး ရာဖာမြို့ကို ဝင်ရောက်တိုက်ခိုက်ဖို့ပဲ ဆန္ဒရှိနေခဲ့တာပါ” လို့ ကာတာနိုင်ငံ ဒိုဟာမြို့တွင် အခြေစိုက်ကာ မူဝါဒများလေ့လာဆန်းစစ်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ အရှေ့အလယ်ပိုင်းကောင်စီ (Middle East Council on Global Affair)အဖွဲ့က အစ္စရေး- ပါလက်စတိုင်းအရေးကျွမ်းကျင်သူ Omar Rahman က ပြောပါတယ်။

 

“(အစ္စရေးတို့ရဲ့) ရည်ရွယ်ချက်က ဂါဇာကို လုံလုံးလျားလျား ဖျက်ဆီးပစ်ဖို့ပါပဲ” လို့ သူက အယ်ဂျာဇီးရား သတင်းဌာနကို ပြောပါတယ်။

 

အစ္စရေးတို့ရဲ့ ဂါဇာဒေသ မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်‌ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေအတွက်ကတော့ ရာဖာမြို့လေးဟာ သူတို့အတွက် နောက်ဆုံးခိုလှုံရာပါပဲ။ လတ်တလောမှာ အစ္စရေးဘက်က ရာဖာမြို့ကို တိုက်ခိုက်မယ့် အစီအစဉ်ကို လက်မလွှတ်သေးပေမဲ့ နယ်မြေသိမ်းပိုက်ဖို့အတွက်ဆိုပြီး (တနင်္လာနေ့အထိကတော့)ရာဖာမြို့ထဲကို သူတို့ရဲ့ မြေပြင်တပ်တွေကို စေလွှတ်ခြင်းတော့ မရှိသေးပါဘူး။

 

ဒါပေမဲ့ လက်ရှိမှာ အစ္စရေးစစ်တပ်ဘက်က ဂါဇာဒေသရဲ့ ကျန်ရှိနေသေးတဲ့နေရာတွေကို မြေပြင်ထိုးစစ်ဆင်နွှဲနေသလို ဟားမက်စ်ဘက်ကလည်း စစ်ဆင်ရေးလုပ်ဆောင်နေတာတွေရှိပြီး ဒါဇင်နဲ့ချီတဲ့ အစ္စရေးသုံ့ပန်းတွေကိုလည် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကတော့ ရာဖာမြို့ထဲကို အစ္စရေးတပ်တွေ ဘယ်အတိုင်းအတာထိ ဝင်ရောက်တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ရသေးခြင်း မရှိသေးပေမဲ့ တိုက်ခိုက်မှုတွေကိုတော့ စပြီးလုပ်ဆောင်နေပါပြီ။

 

လက်ရှိမှာ နေတန်ညာဟုအတွက် ခေါင်းခဲနေရတဲ့ ပြဿနာကတော့ အစ္စရေးလူထုကို ဟားမက်စ်တို့အပေါ် အောင်ပွဲဆင်နိုင်ရမယ်လို့ ကတိပေးထားတဲ့ ကိစ္စဖြစ်ပြီး အစ္စရေးဒီမိုကရက်တစ် အင်စတီကျုက မတ်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရဆိုရင်လည်း အစ္စရေးနိုင်ငံသား ဂျူးလူမျိုးအများစုက ရာဖာမြို့ကို ဝင်ရောက်တိုက်ခိုက်ဖို့ ထောက်ခံကြတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အမေရိကန်က ဂါဇာစစ်ပွဲ တစ်လျှောက်လုံး အစ္စရေးတို့ဘက်က ထောက်ခံခဲ့ပေမဲ့ အပြည့်အဝ ကျူးကျော်တိုက်ခိုက်မှုကိုတော့ ထောက်ခံမှာမဟုတ်တဲ့အကြောင်း ရှင်းလင်းပြောကြားထားပါတယ်။

 

အစ္စရေး စစ်ဝန်ကြီးအဖွဲ့ဟာ ကနဦးမှာ အပစ်အခတ်ရပ်စဲမှုကို ငြင်းပယ်ပြီး ရာဖာမြို့ကို ဝင်ရောက်တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေတာဟာ လူထုရဲ့ သဘောထားကို ကျေနပ်နှစ်သိမ့်စေဖို့ ကြိုးပမ်းနေတာဖြစ်နိုင်တယ်လို့  European Council for Foreign Relations(ECFR) အဖွဲ့က အစ္စရေး-ပါလက်စတိုင်းအရေး ကျွမ်းကျင်သူ ဟတ်ဂျ် လိုဗက်(Hugh Lovatt)က ဆိုပါတယ်။

 

“ဟားမက်စ်တို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်းရေးထားတယ်လို့(အစ္စရေးလူထုက မြင်နေတဲ့) အဆိုပြုချက်တွေကို အစ္စရေးအစိုးရအနေနဲ့ လက်ခံလိုက်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။ ရာဖာမြို့ထဲကို ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် ငါတို့ဟာ စင်္ကြံလမ်းကိုလည်း သိမ်းလိုက်ပြီ၊ အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အဦတွေကိုလည်း ဖြိုချဖျက်ဆီးလိုက်ပြီ၊ ငါတို့အခု အပစ်အခတ်ရပ်စဲနိုင်ပြီလို့ အစ္စရေးတို့ဘက်က ပြောလာနိုင်ပါတယ်” လို့ သူက အယ်ဂျားဇီးရားသတင်းဌာနကို ပြောပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုရဲ့ နိုင်ငံရေးသက်တမ်းကလည်း ဂါဇာစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှု အပေါ်မူတည်နေတယ်လို့ လေ့လာသုံးသပ်သူတွေက အယ်ဂျားဇီးရား သတင်းဌာနကို ပြောပါတယ်။ ထာဝရ အပစ်အခတ်ရပ်စဲရေးကိစ္စဟာ သူ့ရဲ့ လက်ယာစွန်း ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ပြိုကွဲစေနိုင်ပြီး ရွေးကောက်ပွဲ မဲရရှိနိုင်မှုအခြေအနေနဲ့ အာဏာကိုလက်လွှတ်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ရှင်းပြပါတယ်။

 

အစ္စရေးရဲ့ လက်ယာစွန်းရောက် အမျိုးသားလုံခြုံရေးဝန်ကြီး အီတမာ ဘန်ဗီး(Itamar Ben-Gvir)နဲ့ ဘဏ္ဍာရေးဝန်ကြီး ဘန်ဇလယ် စမိုတ်ရစ်ချ်(Bezalel Smotrich)ကလည်း အစ္စရေးအစိုးရအနေနဲ့ သုံ့ပန်းလဲလှယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့မယ်ဆိုရင် နေတန်ညာဟုရဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေခွဲထွက်ပြီး ညွှန့်ပေါင်းအဖွဲ့ ပြိုကွဲအောင်လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

 

ဟားမက်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို လက်ခံလိုက်ခြင်းဟာ နေတန်ညာဟုကို “ကျိုးကြောင်းဆီလျော်တဲ့ သဘောတူညီချက်တစ်ခု စားပွဲပေါ်မှာအသင့်ရှိ မနေဘူး” ဆိုပြီး အကြောင်းပြလို့ မရတော့တဲ့ ကိုးယို့ကားယားအခြေအနေကို ဖြစ်စေတယ်လို့ အရှေ့အလယ်ပိုင်းအင်စတီကျု (Middle-East Institute)က အစ္စရေး-ပါလက်စတိုင်းအရေး လေ့လာသုံးသပ်သူ ခါလဒ် အယ်ဂျင်ဒီ(Khaled Elgindy) က ဆိုပါတယ်။

 

“နေတန်ညာဟုအနေနဲ့ သူ့အာဏာမှာ ဆက်မြဲနေဖို့အတွက် စစ်ပွဲကို ဆက်ပြီးတိုက်နေဖို့ လိုအပ်ပါတယ်။ သူ့မှာ ပုဂ္ဂိုလ်ရေးအရ အခြားဘာဆွဲဆောင်မှုမှ ရှိမနေခဲ့ပါဘူး” လို့ သူက အယ်ဂျားဇီးရားသတင်းဌာနကို ပြောပါတယ်။

 

“ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်ခြင်းဟာ နေတန်ညာဟုနဲ့ အစ္စရေးတို့အတွက် အလယ်အလတ်နဲ့ ရေရှည် ဘေးအန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။ အစ္စရေးဘက်က ရာဖာမြို့ကို သိသိသာသာ ကျူးကျော်ဝင်ရောက်ခဲ့မယ်ဆိုရင် မူလကရည်ရွယ်ထားတဲ့ ‘ဟားမက်စ်တို့ကိုချေမှုန်းရေး’ ဆိုတဲ့ရည်ရွယ်ချက်ဆီမရောက်ဘဲ ကျန်ရှိနေသေးတဲ့ အစ္စရေးသုံ့ပန်းတွေကို ဆုံးရှုံးသွားမှာကို စိုးရိမ်မိပါတယ်” လို့ ECFR မှ လိုဗက်(Lovatt)က ပြောပါတယ်။

 

“အကယ်၍ အစ္စရေးက ရာဖာမြို့ထဲဝင်ပြီး လက်စားချေတဲ့အနေနဲ့ အသေအပျောက်တွေနဲ့ အပျက်အစီးတွေကို ဖန်တီးလုပ်ဆောင်ခဲ့မယ်ဆိုရင် ဒါဟာ သူ့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်နဲ့ နီးစပ်မှာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်တာက နေတန်ညာဟုအတွက် လာမယ့်အပတ်တွေနဲ့ လတွေထဲမှာ ပိုမိုရှုပ်ထွေးမှုတွေကိုပဲ ဖြစ်စေလိမ့်မယ်” လို့ သူ့ရဲ့ ထင်မြင်ချက်ကို ဆက်ပြောပါတယ်။

 

မေလအတွင်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နေတန်ညာဟုကို ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်ခြင်းမပြုဖို့ သတိပေးပြောဆိုခဲ့ပြီး အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် အဲဒီလုပ်ရပ်ဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

 

မစ္စတာ Lovatt ကတော့ ဂျိုးဘိုင်ဒင်ရဲ့ သတိပေးပြောဆိုမှုကို ဂရုမစိုက်တဲ့အတွက် နေတန်ညာဟုကို အပြစ်ပေး အရေးယူသင့်တယ်လို့ ယုံကြည်နေပါတယ်။ အမေရိကန်အနေနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီပေးမှုတွေကို ရပ်တန့်ထားသင့်ပြီး ဟားမက်စ်တို့ သဘောတူညီတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာလည်း CIA အကြီးအကဲ Burns ကိုယ်တိုင် ကြားဝင်စေ့စပ်ပေးခဲ့တဲ့အချက်တွေ ဖြစ်တယ်လို့လည်း သူက ထပ်ပြီး ရှင်းပြပါတယ်။

 

“ဒီလိုလုပ်တာဟာ Will Burns ကိုယ်တိုင်လုပ်ဆောင်ပေးခဲ့တဲ့ အပစ်ရပ်စဲရေးအဆိုပြုချက်ကို ဘေးချိတ်ထားလိုက်တာပါပဲ။ ဒါဟာ‌ အမေရိကန်ရဲ့ သံခင်းတမန်ခင်းကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အမေရိကန်အနေနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ပြီလို့ ကျွန်တော် ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

 

အမေရိကန်က အစ္စရေးကို တိကျစွာပစ်လွှတ်နိုင်တဲ့ လက်နက်ထောင်ပေါင်းမျာစွာ ရောင်းချမှုကို လတ်တလော ဆိုင်းငံ့ထားပေမဲ့ ရာဖာမြို့မှာ ကပ်ဆိုးကြီးတစ်ခုလိုဖြစ်လာတော့မယ့်အရေးကို တားဆီးဖို့အတွက် အမေရိကန်အနေနဲ့ ပိုမိုဖိအားပေးတဲ့ ကိစ္စကို စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ပါ့မလားဆိုတာကိုတော့ Elgindy တစ်ယောက် သံသယရှိနေဆဲပဲ ဖြစ်ပါတယ်။

 

“ဘိုင်ဒင်ဟာ အခုအချိန်အထိ အစ္စရေးတို့ဟာ ဂါဇာမှာ ဗျူဟာမြောက်အမှားတွေ လုပ်ဆောင်နေတယ် ဒါမှမဟုတ် သူတို့ထောက်ပံ့မှုကြောင့် ဖြစ်လာတဲ့ ကပ်ဆိုးကြီးရဲ့ အတိုင်းအတာကိုလည်း နားလည်ပုံမရဘူး” လို့ သူက ပြောပါတယ်။

 

“ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးရုံးဘက်က လူတချို့ကတော့ အစ္စရေးဟာ ဗျူဟာမြောက်အမှားတစ်ခု ကျူးလွန်ခဲ့တယ်လို့ ကောက်ချက်ချကြပေမဲ့ သူတို့က ဆုံးဖြတ်ချက်ချနိုင်သူတွေ မဟုတ်ပါဘူး။ ပြီးတော့ သူတို့က သမ္မတလည်းမဟုတ်ပါဘူး” လို့ သူက ထပ်လောင်းပြောပါတယ်။

 

အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ နေတန်ညာဟုကို အမေရိကန်ဘက် ဘယ်လောက်ထိ တွန်းအားပေးနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနဲ့ အမေရိကန်အနေနဲ့ ကြားဝင်စေ့စပ်ပေးသူတွေကို အပစ်အခတ်ရပ်စဲရေးကိစ္စဟာ တဖြည်းဖြည်းနဲ့ လုံးဝအပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားပြီး စစ်ပွဲကြီးပြီးဆုံးသွားလိမ့်မယ်လို့ သီးခြားအာမခံချက် ပေးထားတာမျိုးဖြစ်နိုင်ကြောင်း Crisis Group က ဇန်ဇိန်း(Zonszein)က ဆိုပါတယ်။

 

“အမေရိကန်အနေနဲ့ ရာဖာမြို့ထဲ ကျူးကျော်ဝင်ရောက်မှုကို တားဆီးဖို့ အင်မတန်စိတ်ဝင်စားနေပြီး သူတို့မှာ တားနိုင်စွမ်းရှိတယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ဒါက ဟားမက်စ်တွေကူညီနေတဲ့ပုံမျိုးလည်း မပေါက်စေချင်ဘူးဆိုတော့ အခုလက်ရှိအခြေအနေက ရှုပ်ထွေးတဲ့ လှည့်ကွက်တွေနဲ့ အခြေအနေမျိုးပါပဲ” လို့ သူမက ဆက်ပြောပါတယ်။

 

ဓာတ်ပုံ – Ramez Habboud/Anadolu Agency

 

ကိုးကား – Al Jazeera

 

ပုံစာ –  အစ္စရေးတို့ ထိုးစစ်ကြောင့် ရာဖာမြို့အရှေ့ပိုင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေသည့် ပါလက်စတိုင်းပြည်သူများ