ရန်ကုန်မှာ A4 စာရွက်ကြမ်းပေါ် QR Code ထည့်ထားတဲ့ UID စမတ်ကတ်ကို အလုယက်နဲ့ လုပ်နေရပြီး အမြန်ကြေး သုံးသောင်းထိပေးရ

Author ကိုထက်
Categories
Published on May 07, 2024

စစ်ကောင်စီတပ်သားတွေရဲ့ အရစ်ခံရခြင်းနဲ့ ငွေညှစ်ခံရခြင်းတို့ကနေ ကင်းဝေးဖို့နဲ့ ပြည်ပထွက်နိုင်ဖို့ ရန်ကုန်မှာ မှတ်ပုံတင်အစားထိုး စမတ်ကတ်စက္ကူစာရွက်ပြုလုပ်သူတွေ များပြားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လကစလို့ အခုရက်ပိုင်းတွေမှာ သက်ဆိုင်ရာ လဝကရုံးတွေဆီ စမတ်ကတ် လာရောက်ပြုလုပ်သူများပြားနေတယ်လို့ သိရပါတယ်။

 

“မှတ်ပုံတင်ဟောင်းနေတဲ့သူတွေ၊ နိုင်ငံခြား အလုပ်သွားလုပ်မယ့်သူတွေက အလုပ်သမားကတ်က အဲဒါနဲ့မှ လုပ်ပေးတာဆိုတော့ တော်တော်များများကိုလာလုပ်ကြတာ။ သူတို့တွေ ဧည့်စာရင်းစစ်လို့ မှတ်ပုံတင်က ပုံကပျက်နေတာမျိုးဆို စမတ်ကတ်မလုပ်ဘူးလား။ မလုပ်ရင် နောက်တစ်ခါစစ်ရင် အဖမ်းခံရနိုင်တယ်လို့ ရာအိမ်မှူးကပြောတော့ လုပ်ကြတာ” လို့ လှိုင်မြို့နယ် ၁၅ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

စမတ်ကတ်ပြုလုပ်ရာမှာ တရားဝင်ကောက်ခံတဲ့ငွေကြေးဟာ ၁၅၀ဝ ကျပ်သာဖြစ်ပေမဲ့ လဝကဝန်ထမ်းတွေက နှစ်သောင် ကနေ သုံးသောင်းအထိ တောင်းခံနေတယ်လို့ လှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။

 

“လွယ်လွယ်နဲ့ လုပ်မရပါဘူး။ သူတို့အကွက်ဖြစ်နေတာ။ ပတ်စ်ပို့လည်း ဒါနဲ့လုပ်ပေးမှာဆိုတော့။ သူတို့သတ်မှတ်ထားတာ ဖောင်ဖြည့်ကြေးက ၁၅၀ဝ ပဲလေ။ အဲဒီအတိုင်းဆို တစ်နေကုန်စောင့်ပဲ။ ရချင်မှလည်းရတာ။ စာရေးကို နှစ်သောင်း၊ သုံးသောင်းလောက်ပေးလိုက်ရင် အမြန်ရတယ်” လို့ လှိုင်သာယာမြို့ခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ရွှေပြည်သာမြို့နယ် လဝကရုံးမှာလည်း စမတ်ကတ်လုပ်သူတွေ တိုးကြိတ်နေပြီး တစ်ရက်ကို တစ်ရာဦးသာ လုပ်ပေးမယ်လို့ ကန့်သတ်ထားပေမဲ့ အဲဒီထက် များပြားတဲ့သူတွေ ရုံးကို လာရောက်နေတယ်လို့ အဲဒီရုံးမှာ လုပ်ကိုင်နေသူတစ်ဦး ပြောတာကို မြို့ခံတစ်ဦးက CJ Platform ကို ပြန်ပြောပြပါတယ်။

 

“ခရီးသွားရင်လည်း စမတ်ကတ်ပြရတယ်။ ယုတ်စွအဆုံး ဘယ်ပဲသွားသွား မှတ်ပုံတင်ပဲ ပြလို့မရတော့ဘူး။ စမတ်ကတ်ဆိုတဲ့ ဘာမဟုတ်တဲ့စာရွက်စက္ကူလေးကို ပြမှရတယ်။ မဟုတ်ရင် အတော်အရစ်ခံရတယ်” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လကစတင်ပြီး နိုင်ငံသားအားလုံး မှတ်ပုံတင်နည်းတူ စမတ်ကတ်တွေ ပြုလုပ်ခိုင်းပြီး အဲဒီကတ်အချက်အလက်တွေထဲမှာ ဖုန်းနံပါတ်နဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ QR ကုဒ်ကိုပါ ဖြည့်စွက်ကောက်ယူထားတယ်လို့ သိရပါတယ်။

 

တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဂိတ်တွေကနေ တစ်ပတ်၊ ၁၄ ရက်လက်မှတ်တွေနဲ့ ကူးမယ့်သူတွေလည်း UID လို့ခေါ်တဲ့ စမတ်ကတ်မပြသနိုင်တဲ့သူတွေ ဖြတ်သန်းခွင့်မရတော့ပါဘူး။

 

ဒါကြောင့် အဲဒီနယ်စပ်မြို့တွေမှာ UID အများအပြားပြုလုပ်နေကြသလို လာဘ်စားမှုတွေလည်း ရှိနေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ လဝကရုံးမှာ BGF ကနေ ကရင်အမျိုးသားတပ်မတော်(KNA)လို့ နာမည်ပြောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေက အမြန်ကြေး စမတ်ကတ်တစ်စောင် ငါးသောင်းကျပ်နဲ့ လုပ်ပေးနေတာပါ။ ဒါ့အပြင် စာရေးမကိုလည်း တစ်စောင် ငါးထောင်ပေးရတယ်လို့ သွားရောက်လုပ်ကိုင်သူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – Hlegu Information

 

ပုံစာ – လှည်းကူးမြို့နယ် လဝကရုံးရှေ့မှာ စမတ်ကတ်လုပ်ဖို့ တန်းစီစောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ်