ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် ပန်းရံအလုပ်သမားများ အလုပ်မလုပ်ရဲဘဲ စားဝတ်နေရေးခက်ခဲလာ
ရန်ကုန်မှာ ပန်းရံလုပ်ပြီးပြန်လာတဲ့ အလုပ်သမားတွေကို စစ်အုပ်စုရဲ့ တပ်နဲ့ ရဲတွေက ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိတာကြောင့် ပန်းရံအလုပ်သမားများ အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေးခက်ခဲလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧပြီလ ၃ ရက်က မြောက်ဥက္ကလာပမြို့နယ် အမှတ် ၁၅ ရပ်ကွက် ပင်းယလမ်း အဆောင်တစ်ခုမှာနေထိုင်တဲ့ အော်ကြီး (ခ) ကိုမျိုးထွန်းကို စစ်တပ်နဲ့ ရဲတွေက ဇေကမ္ဘာစက်မှုဇုန်အနီးမှာ ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရွှေပြည်သာမှာ ပန်းရံသွားလုပ်ပြီးပြန်လာတာ ည ၈ နာရီလောက်ပဲရှိသေးတယ်။ ဇေကမ္ဘာစက်မှုဇုန်နားမှာ စစ်တပ်က ဖမ်းသွားတယ်။ အိမ်ကလူတွေက ညဆိုင်းဆက်ပြီး လုပ်ရတယ်ထင်နေတာ ၃ ရက်လောက်နေတော့ သင်တန်းကျောင်းကနေ ဖုန်းဆက်တော့ သူ့မိန်းမငိုလိုက်တာ။ မိသားစုကို အော်ကြီးပဲ ရှာကျွေးနေတာ၊ သူ့မိန်းမ ကလေး ၂ ယောက်နဲ့ကျန်ခဲ့တယ်။ တစ်ယောက်တည်း လုပ်ကိုင်မစားတတ်လို့ ရွာပြန်သွားတယ်” လို့ ပြောပါတယ်။
အလားတူ ဧပြီလ ၁ ရက်ကလည်း တိုက်ကြီးမြို့နယ်မှာ ပန်းရံသွားလုပ်ပြီးပြန်လာတဲ့ လှည်းကူးမြို့နယ် မြို့မရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ ကိုမင်းမင်းဦးဆိုသူကို ထောက်ကြန့်လမ်းဆုံအနီးမှာ စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ထောက်ကြန့်လမ်းဆုံမှာ စစ်ဆေးစရာရှိတယ်ဆိုပြီး ရဲတွေက ကားနဲ့ခေါ်သွားတာ။ အိမ်ကလူတွေကို ဖုန်းဆက်လို့လိုက်သွားတာ တကက ၁ ကို ပို့လိုက်တယ်။ ပန်းရံလုပ်နေတဲ့သူဆိုတာကို အိမ်ရှင်ရော ကန်ထရိုက်ရော လိုက်ရှင်းပြတာမရဘူး။ တောင်းပန်လို့လည်းမရဘူး၊ စစ်မှုအတင်းထမ်းခိုင်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ပန်းရံလူကြမ်းများကို ဆောက်လုပ်မည့်မြို့နယ် ရပ်ကွက်နဲ့နီးစပ်သူများကို ခေါ်ယူတာကြောင့် ပန်းရံအလုပ်သမားများ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးခက်ခဲလာတယ်လို့ ကန်ထရိုက်တစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။
“ဆောက်လုပ်ရေးအလုပ်ဆိုတာ အိမ်ရှင်သဘောအရ ညဘက်တွေအထိ လုပ်ပေးရတာရှိတယ်။ ပြဿနာက ဘာလဲဆိုတော့ ညဆိုင်းဆင်းပြီးပြန်သွားရင် ပေါ်တာအဆွဲခံရတာပဲ။ နောက်ပိုင်းအိမ်ရှင်တွေက ဒီလိုပြဿနာတွေမဖြစ်အောင် ပန်းရံလူကြမ်းဆို ဆောက်လုပ်ရေးလုပ်မယ့်အိမ်နဲ့နီးတဲ့ လမ်းထဲကလူတွေ၊ ရပ်ကွက်ထဲက လူတွေပဲ ခေါ်သုံးတော့တယ်။ အဲ့လိုခေါ်သုံးတော့ ပန်းရံသမားတွေ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးခက်ခဲသွားတယ်” လို့ ပြောပါတယ်။
ဒီလို ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိပေမယ့် စစ်ကောင်စီဘက်က အခုထိ မရှိဘူးလို့ ငြင်းဆန်နေပြီး သတင်းအမှားလို့သာ ဝါဒဖြန့်ပြောဆိုနေဆဲဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး မတ်လ ၂၃ ရက်မှာ စစ်မှုထမ်းစတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဉ် ၂၄ အထိ ရောက်ရှိလာပြီဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို မြင်ရပုံ
