မြိုင် ဝက်ပုတ်ပျူရွာက စစ်ကောင်စီစစ်ကြောင်းကို လေးရက်ဆက် အီနာဂါအကြီးစားများဖြင့် တိုက်ခိုက်

Published on Apr 08, 2024

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ဝက်ပုတ်ပျူကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဧပြီလ ၃ ရက် ညနေ ၃ နာရီမှ ၆ ရက် ညနေအထိ လေးရက်ဆက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီး(ပြည်သူ့စစ်)များ ထိခိုက်သေဆုံးခဲ့သည်ဟု မြိုင်မြို့နယ်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ဗိုလ်လက်ယာက CJ Platform သို့ပြောသည်။

 

ထိုလေးရက်အတွင်း အီနာဂါဗုံးသီးအကြီးစားများဖြင့် အကြိမ်ရေ ငါးဆယ်နီးပါး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးသည့်အပြင် ရဲတပ်သား တစ်ဦးနှင့် ပျူစောထီး လေးဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောသည်။

 

“ ၃ ရက်နေ့ကနေ ၆ ရက်နေ့ထိ ဆက်တိုက် တိုက်ခဲ့တာ အဲဒီမှာ တပ်ကြပ်ကြီးတစ်ကောင်ထိတယ်။ ပျူ သုံးကောင်၊ ပျူမ တစ်ကောင်ရယ် ထိခိုက်ဒဏ်ရာရတယ်လို့ ကျွန်တော်တို့ရဲ့ သတင်းအရင်းအမြစ်ကပြောတယ်” ဟု ဗိုလ်လက်ယာက ပြောသည်။

 

ထိုသို့တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ လူနာများကို ဝက်ပုတ်ကျေးရွာအတွင်း၌ ဆေးကုသနေပြီး သေဆုံးအလောင်းကို ဧပြီလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဝက်ပုတ်ပျူကျေးရွာအတွင်း၌သာ ရှိနေသေးပြီး အပြင်သို့ မထွက်လာသေးကြောင်း ဗိုလ်လက်ယာက ဖြည့်စွက်ပြောဆိုသည်။

 

စစ်ကောင်စီတပ်သည် ၆ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးများ ဆိပ်သာနှင့် ကွင်းလတ်ကျေးရွာတို့ကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျေးရွာဒေသခံများ ထိခိုက်မှုမရှိသော်လည်း လူဦးရေ ၂၀ဝ၀ ကျော် နီးစပ်ရာနေရာများသို့ ရှောင်တိမ်းနေရသည်ဟု သိရသည်။

 

ဧပြီလ ၇ ရက်နေ့ကလည်း မြိုင်မြို့နယ် စက်မှု ၂ တွင် တပ်စွဲထားသော စစ်ကောင်စီစစ်တပ်ကို Ghost of Enemies ၊ DMG (ဓားမင်းကြီးတပ်ဖွဲ့)၊ မိုက်ခဲအဖွဲ့တို့က  ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂၀ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

 

ရုပ်သံ – ပေးပို့