မြိုင် မြို့ပြင်သို့ ထွက်လာသည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ၄ ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာပြင်းထန်

Published on Apr 08, 2024

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ဘက် ၂ မိုင်ကျော်အကွာ စက်မှု ၂ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် မြို့ပြင်ဘက်သို့ ထွက်လာသည့်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယမန်နေ့ ဧပြီလ ၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုစစ်ကြောင်းကို ယမန်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ကျုံးရွာအနီးရှိ အနန္ဒမေတ္တာဆည်အနီးတွင် လက်လုပ်မိုင်း နှစ်လုံးဖြင့် မြိုင်ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးသည့်အပြင် ၂၀ ဦးခန့်အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ဗိုလ်လက်ယာက CJ Platform သို့ပြောသည်။

 

“ဒဏ်ရာရတာတွေက ခြေပြတ်လက်ပြတ်၊ ရင်ဘတ်ပေါက်တာတွေရှိတယ်။ လေးကောင်ကတော့ အပြီးကြွသွားတယ်” ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီတပ်သား သေဆုံးအလောင်းနှင့် ဒဏ်ရာရသူများကို မြိုင်မြို့အတွင်းသို့ ထမ်းစင်များဖြင့် ခြေလျင် သယ်ယူသွားပြီး ထိုနေ့တွင်ပင် သေဆုံးအလောင်းများကို သင်္ဂြိုလ်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ယနေ့အထိ မြို့ပြင်သို့ ထပ်မံမထွက်ရဲတော့ဘဲ မြိုင်မြို့အတွင်း ငြိမ်နေသည်ဟု ဗိုလ်လက်ယာက ပြောဆိုသည်။

 

အလားတူ ဧပြီလ ၆ ရက်နေ့က ပေါက်မြို့နယ် ရေပြာကျေးရွာ ရဲစခန်းမှ ကုက္ကိုစုကျေးရွာသို့လာသော စစ်ကောင်စီယာဉ်တန်းကို မြိုင်ဒေသရှိ တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး(ပြည်သူ့စစ်) ခုနစ်ဦးသေဆုံးပြီး ပျူစောထီး သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

 

ရုပ်သံ – ပေးပို့