တောင်ကြီး-အေးသာယာလမ်းတွင် တွဲကားလိမ့်ကျပြီး အိမ်စီးကားနှစ်စီးကိုဝင်တိုက်၊ ငါးဦးသေဆုံး

Author ကိုထားဝယ်
Categories
Published on Apr 08, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာလမ်းပိုင်း(အဆင်းလမ်း)တွင် ယမန်နေ့ ဧပြီလ ၇ ရက်၊ ညနေပိုင်းက တွဲကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်စီးကားနှစ်စီးကို ဝင်တိုက်မိသဖြင့် ငါးဦးသေဆုံးကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် တောင်ကြီးမြို့ခံများထံမှ သိရသည်။

ကနဦး သုံးဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများအနက်မှ နှစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

တောင်ကြီး-အေးသာယာအဆင်းလမ်း ပစောက်ကွေ့၊ ထုံးဖိုစစ်ဆေးရေးဂိတ်အနီးတွင် တွဲကားက တိုယိုတာ ပရိုဘောက်နှင့် ဟွန်ဒါဖစ်တို့ကို တိုက်မိခဲ့သည့်အတွက် တွဲကားပေါ်က အမျိုးသမီး တစ်ဦးအပါအဝင် အိမ်စီးကားနှစ်စီးပေါ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးအထိ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“တော်တော်အခြေအနေဆိုးတယ်။ ကလေးကို ကစားကွင်းလိုက်ပို့တဲ့အချိန်ဖြစ်တာ။ ကံသီလို့လွတ်လာခဲ့တာ။ တိုက်မိတဲ့နှစ်စီးမှာ ပရိုဘောက်ကတော့ တော်တော်အခြေအနေဆိုးတယ်။ ဒဏ်ရာရသူတွေကလည်း အခြေအနေဆိုးတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

 

အဆိုပါယာဉ်မတော်တဆမှုကို ဒေသခံလူမှုကူညီရေးအသင်းများနှင့် ဒေသခံပြည်သူများက ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူများကို စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

တိုက်ခံရသည့် အိမ်စီးကားနှစ်ဦးအနက် တစ်စီးသည် ရွှေညောင်မြို့၊ ရွှေဘုံသာ ၂ ရပ်ကွက်မှ တောင်ကြီးဆေးရုံတွင် တက်ရောက်နေသည့် လူနာကို လာရောက်တွေ့ဆုံစဉ် တိုက်ခံရခြင်းဖြစ်ပြီး အခြားတစ်စီးမှာ သာစည်မြို့နယ်က ဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။