ကျိုက်ထိုရှိ စစ်ကောင်စီစခန်းများကို နှစ်ကြိမ်ဆက်တိုက်ခိုက်မှု စစ်သားနှင့် ရဲငါးဦးသေဆုံး၊ အများအပြားဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Apr 08, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများတပ်စွဲထားသော နေရာများကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ဧပြီလ ၆ ရက်က ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်သားနှင့် ရဲ ငါးဦးသေဆုံးပြီး ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း Kyaikhto Revolution Force(KRF) မှ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကောင်စီတပ်သား ၂၀ ဦးခန့်တပ်စွဲထားသော ရွေစေတီ၊ ငွေစေတီဘုရားကုန်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းနေရာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မုပ္ပလင်စစ်ဆေးရေးလမ်းဆုံဂိတ်ကိုလည်း တစ်ပြိုင်နက် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သည့်အပြင် (၆၀-မမ)လက်နက်ကြီးဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း KRF တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ တပ်သား နှစ်ဦးနှင့် ရဲ သုံးဦးသေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ထို့ပြင် ယင်းနေ့ ညနေငါးနာရီခန့်ကလည်း စစ်ကောင်စီတပ်စွဲထားသော လက်ပံပင်သင်္ချိုင်းကုန်းနှင့် အင်္ဂဘိုတာဝါတိုင်တို့ကို ဒရုန်းဗုံးသီး ငါးလုံး၊ ၆၀ မမ လက်နက်ကြီး လေးလုံးတို့ဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆက်လက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦး ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဘက်သို့ သယ်ဆောင်သွားပြီး ရဲကား နှစ်စီးနှင့် အိမ်စီးကား တစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း KRF ထံမှ သိရသည်။

 

“ကျွန်တော်တို့ဘက်က လက်နက်ငယ်နဲ့ ပစ်ခတ်တာ မရှိပါဘူး။ လက်ပံပင်က စကစကတော့ အနည်းငယ် ရမ်းသမ်းပစ်ခတ်တာ ရှိပါတယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု KRF တာဝန်ရှိသူက CJ Platform သို့ပြောသည်။

 

ထို့နောက် စစ်ကောင်စီက မုပ္ပလင်လမ်းဆုံမှ အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

 

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ KNU/KNLA NightHawks၊ YEF တပ်မဟာ(၁)-PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDF နှင့် ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ရုပ်သံ – ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)