အပူလှိုင်းအန္တရာယ် သတိချပ်စေလို

Author မောင်
Categories
Published on Apr 08, 2024

ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ၁ဒဿမ၆ ဒီဂရီစင်တီဂရိတ်လောက်အထိ တိုးလာခဲ့ပြီး သက်တမ်းတစ်လျှောက် ပျမ်းမျှအပူချိန်မြင့်တက်မှု အများဆုံး အခြေအနေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခုလို ပျမ်းမျှအပူချိန် မြင့်တက်လာတာက တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုတွေ ရှိလာပြီး အာရှတိုက်ရဲ့ နွေရာသီကိုလဲ သာမန်ထက် အဆပေါင်းများစွာ ပူပြင်းခြောက်သွေ့စေခဲ့တာပေါ့။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ မတ်လပိုင်းက စလို့ မြန်မာနိုင်ငံရဲ့ ဒေသတွင်းအပူချိန် မြင့်တက်ခဲ့ပြီး တချို့နေရာတွေမှာဆိုရင် စံချိန်တင် အပူချိန်တွေကိုတောင် ရောက်ခဲ့ပါတယ်။

 

မတ်လ ၃၁ ရက်နေ့တုန်းကဆိုရင် မကွေးတိုင်းဒေသကြီးမှာရှိတဲ့ ချောက်မြို့ရဲ့ ဒေသတွင်းအပူချိန်က ၄၅ဒဿမ၂ ဒီဂရီဆဲလ်ဆီးယပ်စ်အထိ ရောက်ခဲ့ပြီး အပူဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ၂၀၂၃ ခုနှစ် စံချိန်ထက်တောင် ၀ဒဿမ၂ ဒီဂရီ ပိုများလာတာပါ။ ၂၀၂၃ ခုနှစ်တုန်းကဆိုရင် မြန်မာနိုင်ငံရဲ့ မြို့တချို့ဟာ ကမ္ဘာ့အပူဆုံးမြို့များ စာရင်းမှာတောင် ဖော်ပြခံခဲ့ရတဲ့အထိ အပူချိန်မြင့်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိနှစ်မှာတော့ နွေရာသီရဲ့ အပူဆုံးကာလကိုတောင် မရောက်သေးဘဲ ပြီးခဲ့တဲ့နှစ် စံချိန်ဟောင်းထက် အပူချိန်ပိုတိုးလာတာမျိုးက စိုးရိမ်စရာပါ။ သမရိုးကျတွေးကြည့်ရင်တော့ အပူချိန် မသိမသာတိုးတာလောက်နဲ့ ဘာမှထွေထွေထူးထူး မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တာပေါ့။ နွေရာသီဆိုတာ လူမသိ သူမသိ အသံတိတ်နည်းနဲ့ အသက်တွေကို နှုတ်ယူလေ့ရှိတဲ့ သဘာဝရန်သူမို့ အပူချိန် ဒဿမလောက်တိုးရုံနဲ့လဲ အန္တရာယ်ရှိပါတယ်။

 

အခုလို အပူချိန်တွေ မြင့်တက်လာတာရဲ့ နောက်ဆက်တွဲအနေနဲ့ အပူလှိုင်းဖြတ်နိုင်ချေကလဲ အတော်များလာနေပါတယ်။ လက်ရှိအချိန်ကနေ လာမဲ့ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့မှာ အပူချိန်တွေ သိသိသာသာ မြင့်တက်လာနိုင်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မကွေးတို့လို မြို့ကြီးတွေမှာ ပျမ်းမျှအပူချိန် ၄၀ ဒီဂရီဆဲလ်ဆီးယပ်စ်ကို ကျော်လွန်လာနိုင်တယ်လို့ ခိုင်မာတဲ့ မိုးလေဝသခန့်မှန်းချက် ရင်းမြစ်တွေအရ သိရပါတယ်။ အဲဒီလောက် ပမာဏ အပူချိန်မြင့်တက်လာတာဟာ လူကြီး၊ လူငယ်နဲ့ ကလေးတွေ အားလုံးအတွက် အထူးဂရုပြုရမဲ့ ကိစ္စဖြစ်လို့ လုံးဝမပေါ့ဆစေချင်ပါဘူး။ ဒီအပူဒဏ်ကို ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အလူးအလိမ့်ခံရနိုင်ချေရှိလို့ လေကောင်းလေသန့်ရပြီး အရိပ်အာဝါသကောင်းတဲ့ နေရာတွေမှာ အပူရှောင်ဖို့ ကြိုတင်ပြင်ဆင်စေချင်ပါတယ်။ ကလေးသူငယ်တွေဆိုရင် ပြင်းပြင်းထန်ထန် ဆော့ကစားတာမျိုးကို ရှောင်ပြီး အတတ်နိုင်ဆုံး ရေဓာတ်မဆုံးရှုံးစေဖို့ အရည်ရွှမ်း အသီးအနှံတွေ စားတာမျိုးနဲ့ ရေများများသောက်တာမျိုး လုပ်ပေးပါ။

 

နေရောင်အောက်မှာ အလုပ်လုပ်ရတဲ့ ကာယလုပ်သားတွေနဲ့ ပြင်ပမှာ သွားလာလှုပ်ရှားနေကြရသူတွေအဖို့ ထီး၊ ဦးထုပ်နဲ့ အပူဒဏ်တိုက်ရိုက်မထိအောင် ကာကွယ်ပေးနိုင်မဲ့ ပစ္စည်းတစ်ခုခု ယူဆောင်သွားဖို့ အကြံပြုပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုများရင် ဆားဓာတ်နဲ့ ရေဓာတ်တွေ ဆုံးရှုံးနိုင်လို့ ဓာတ်ဆားဘူး၊ ရေဘူးတွေ ဆောင်ထားပြီး ရေဓာတ်ဖြည့်တင်းပေးပါ။ နေရောင်အောက်မှာ မိနစ်လေးဆယ်ထက် ပိုပြီး အလုပ်မလုပ်သင့်ဘဲ အရိပ်ကောင်းတဲ့ နေရာတွေမှာ မကြာခဏ အနားယူပေးတာ၊ ချောင်ချိတဲ့ အဝတ်အစားတွေ ဝတ်တာမျိုး လုပ်ဆောင်ပေးပါ။ တစ်နေ့တာရဲ့ အပူဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁၁ နာရီကနေ နေ့လယ် ၃ နာရီအတွင်း အရေးကြီးကိစ္စမရှိရင် နေပူထဲ မထွက်ဖို့ရာ အကြံပြုပါတယ်။

 

အပူချိန်ပြင်းလာရင် Heat Stroke လို့ခေါ်တဲ့ အပူလျှပ်တာနဲ့ အပူလွန်ကဲနွမ်းလျခြင်း (Heat Exhaustion) တို့ ဖြစ်နိုင်တာမို့ လူကြီး၊ လူငယ်မရွေး အထူးဂရုပြုဖို့ မှာချင်ပါတယ်။

 

ကိုးကား – Hughes, R. A. (2024, February 8). Global temperatures breached critical 1.5°C warming threshold for first time over 12 month period. Euronews. https://www.euronews.com/green/2024/02/08/2024-begins-with-worlds-hottest-january-on-record-eu-scientists-confirm

– MMWeather Knowledge – 2024 WEATHER FORECAST. (n.d.).

– Six Myanmar towns among world’s hottest cities on May 9. (n.d.). Eleven Media Group Co., Ltd.

– Copernicus: February 2024 was globally the warmest on record – Global Sea Surface Temperatures at record high. (n.d.). Copernicus.