ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းလိုမှာပင် စစ်ကိုင်းမြို့မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးမှုများ နေ့စဉ်လိုကြုံတွေ့နေရ

Author CJ Platform
Categories
Published on Dec 08, 2025

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ  မြို့ပေါ်ရပ်ကွက်တွေ ၊ လမ်းဆုံလမ်းခွတွေ၊  စစ်ဆေးရေးဂိတ်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို နေ့စဉ်နှင့်အမျှ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း  စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းနေရာအနှံ့ အင်အားအများအပြား ဖြန့်ကျက်ကာ စစ်ကိုင်း မြို့မဈေးအတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 

“မကြာခဏ ခုလိုပေါ်တာဆွဲနေတာပဲ။ အခုက နေ့တိုင်းလိုလို ဆွဲနေတာကြာပြီ။ နေ့တိုင်း အထွေထွေအုပ်ချုပ်ရေးရုံးကို ငွေနဲ့ လိုက်ရွေးရတာ။ တတ်နိုင်တဲ့သူ လွတ်တာပေါ့။ တစ်နေ့လုပ်တစ်နေ့စား ပန်းရံသမားတွေဆို မတတ်နိုင်ဘူးလေ၊ စစ်မှုထမ်းပါတာပေါ့” လို့  မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဒီကနေ့မှာပဲ စစ်ကိုင်းမြို့အထွက်၊ မန္တလေး-မုံရွာလမ်းမကြီးပေါ်မှာ ခရီးသွားကားတွေကို တားဆီးကာ အမျိုးသားလူငယ်တွေကိုမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး  အဖမ်းခံရသူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

 

 

အခုလို ဖမ်းဆီးခံရသူတွေဟာ  အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားလူငယ်တွေဖြစ်ပြီး စစ်အုပ်စုက ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲ ဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

စစ်အုပ်စုဟာ အခုလိုဖမ်းဆီးခံရတဲ့ လူငယ်တွေကို  ကျပ်ငွေ သိန်း ၃၀ ကနေ ၁၀၀ အထိ တောင်းယူကာ ရွေးနုတ်ခိုင်းတာ ၊  ငွေကြေး မတတ်နိုင်သူတွေကိုတော့ စစ်မှုထမ်း စေလွှတ်ခိုင်းစေမှုတွေပြုလုပ်လေ့ရှိတယ်လို့လည်း ဒေသခံတွေအဆိုအရ သိရပါတယ်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်အတွင်းမှာပင် ငွေနဲ့ အချိန်မီ မထုတ်နိုင်ခဲ့တဲ့ လူငယ် ၈၀ ကျော်ကို စစ်မှုထမ်းစေရန်အတွက် တောင်ကြီးသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်းကိုလည်း မြေပြင်ကင်းထောက်သတင်းအဖွဲ့ Ground Press တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

 

စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက်တွေ၊ ခရီးသွားပြည်သူဆွေပါ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားပေါ်မှာလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးတာ၊ ငွေတောင်းခံတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC