ရွေးကောက်ပွဲမဲစာရင်းမှာမပါတဲ့သူတွေကို ထပ်မံထည့်သွင်းပေးဖို့ နိုင်ငံရေးပါတီတွေ တောင်းဆိုပေမယ့် ရွေး/ကော် ငြင်းဆို


စစ်အုပ်စုကျင်းပတဲ့ အတုယောင်ရွေးကောက်ပွဲရဲ့ မဲစာရင်းမှာ အမည်မပါတဲ့သူတွေကို မဲစာရင်းထည့်သွင်းပေးဖို့ နိုင်ငံရေးပါတီတွေက တောင်းဆိုခဲ့ပေမယ့် စိစစ်ဖို့ အချိန်မလုံလောက်တာကြောင့် ဆောင်ရွက်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ မနေ့က ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်လာပါတယ်။

 

ဒါဟာ အခု ဇန်နဝါရီ ၅ ရက်က စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ချိန် တတိယအကြိမ်မဲစာရင်းမှာ နာမည်မပါတဲ့သူတွေစာရင်းကို တင်ပြလာပါက ထပ်မံထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲကော်မရှင်ရဲ့ ကနဦး ဇန်နဝါရီ ၆ ရက် ထုတ်ပြန်ချက်မှာတော့ နိုင်ငံရေးပါတီတွေက တင်ပြလာမယ့် မဲစာရင်းမပါတဲ့သူ နာမည်စာရင်းတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က စိစစ်ပြီး ရွေးကောက်ပွဲကော်မရှင်ဆီ ပေးပို့ဖို့ ပြောဆိုခဲ့တာပါ။

 

ဒါပေမယ့် နိုင်ငံရေးပါတီတွေက သူတို့ကောက်ယူထားတဲ့ နာမည်စာရင်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေဆီ ပေးပို့ခဲ့ချိန် အဆင့်ဆင့် စိစစ်စစ်ဆေးရမယ့် အချိန်လုံလောက်မှုမရှိသလို မဲစာရင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဆောင်ရွက်ပေးဖို့ မဖြစ်နိုင်ဘူးလို့ မနေ့က ဇန်နဝါရီ ၇ ရက်မှာ ထပ်မံထုတ်ပြန်လာပါတယ်။

 

မဲစာရင်းမှာ နာမည်စာရင်းမပါတဲ့သူတွေကို သီးခြားအစီအစဉ်တစ်ခုနဲ့ နာမည်စာရင်းထည့်သွင်းဖို့ ပြင်ဆင်လုပ်ဆောင်ရင် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၄ ၊ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်နဲ့ မကိုက်ညီသလို တတိယအကြိမ် မဲစာရင်းကိုလည်း အတည်ပြုပြီးဖြစ်တာကြောင့် ရှုပ်ထွေးမှုဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

 

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမဲပေးရမယ့်စာရင်းကို သုံးကြိမ်ထုတ်ပြန်ခဲ့ပေမယ့် မဲပေးရမယ့်စာရင်းမှာ ပါဝင်နေတဲ့သူတွေရဲ့ နာမည်တွေ လွဲမှားမှုရှိနေတာ၊ သေဆုံးသူတွေရဲ့ နာမည်စာရင်းတွေပါနေတာ၊ ဒေသတွင်း နေထိုင်သူတွေရဲ့ နာမည်စာရင်းတွေ မပါဝင်တာရှိနေခဲ့တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

 

၂၀၂၀ ရွေးကောက်ပွဲကို မဲစာရင်းမှားယွင်းမှုတွေရှိခဲ့လို့ စွပ်စွဲအကြောင်းပြကာ နိုင်ငံအာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူတို့စီစဉ်တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်း ရာနှုန်းပြည့်မှန်ကန်နိုင်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်း ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့ကြောင်း စစ်အုပ်စု ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC